ကြိုတင်လက်မှတ်ဝယ်ယူသူများပြားသောကြောင့် မြစ်ကြီးနား – ရန်ကုန်လေကြောင်းခရီးစဉ်အတွက် မတ်လကုန်အထိ လေယာဉ်လက်မှတ်များ ဝယ်ယူ၍ မရနိုင်တော့ကြောင်း လက်မှတ်အရောင်းဌာနများထံမှ သိရသည်။

ယခင်ကနှစ်ပါတ်ခန့် ကြိုတင်ဝယ်ယူရရှိနိုင်ပါသော်လည်း မြစ်ကြီးနား – ရန်ကုန်လမ်းတစ်လျှောက်တွင် မကြာခဏတိုက်ပွဲဖြစ်ပွားခြင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးမည်ကိုစိုးရိမ်သောကြောင့် လေကြောင်းဖြင့်ခရီးသွားလာသူ ပိုမိုများပြားလာပြီး လေယာဉ်လက်မှတ် ရောင်းချရန်မရှိတော့ခြင်းဖြစ်သည်ဟု မြစ်ကြီးနားမြို့မှ လေယာဉ်လက်မှတ်အရောင်းဌာန တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ကားလမ်းတွေပိတ်တာမျိုးတို့ ပြီးတော့လမ်းမှာ(အဖမ်းအဆီးတွေ)များလာတော့ အကုန်လုံးလေယာဉ်နဲ့ပဲ သွားမယ်ဆိုပြီးများလာတာ။ အေးဂျင့်ကိုလေကြောင်းလိုင်းကပေးတဲ့ စစ်စတမ်ကနေပေးတဲ့ခုံတွေကတော့ အကုန်ပြည့်နေတယ်။ မန်းရတနာပုံကတော့ ဧပြီလလောက်မှပဲခုံပြန်ပေါ်တော့တယ်။ မတ်လတစ်လုံးအတွက် ခုံမရှိတော့ဘူး” ဟုဆိုသည်။

မြစ်ကြီးနားမှ ရန်ကုန်သို့ပြေးဆွဲသည့် လေကြောင်းလိုင်းသုံးလိုင်းရှိပြီး မြန်မာ့အမျိုးသားလေကြောင်းလိုင်းနှင့် အဲကမ္ဘောဇလေကြောင်းလက်မှတ်များကို မတ်လ ၂၃ ရက်နေ့နောက်ပိုင်းအတွက်သာ ကြိုတင်လက်မှတ် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိလေယာဉ်လက်မှတ်အရောင်းဌာနတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဘယ်လေကြောင်းလိုင်းမှ လက်မှတ်မရှိတာ့ဘူး။ အဲ့နောက်ပိုင်းလောက်မှာပဲရှိမှာ။ ကြားထဲမှာ ဘယ်လိုသွားလို့ရလဲတော့ ကျွန်မတို့လည်း မသိဘူး” ဟုပြောသည်။

မြစ်ကြီးနား – ရန်ကုန်ခရီးစဉ် လေယာဉ်လက်မှတ်ဈေးနှုန်းမှာလည်း ဖေဖော်ဝါရီလဒုတိယပတ်မှစတင်ကာ မြင့်တက်သွားခြင်းဖြစ်ပြီး လေကြောင်းလိုင်းနှင့် ခုံအမျိုးအစားအလိုက် သုံးသိန်းကိုးသောင်းမှ ငါးသိန်းကျော်အထိရှိကြောင်း သိရသည်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်း ထုတ်ပြန်ခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်ကာ မြစ်ကြီးနား – မန္တလေး – ရန်ကုန်လမ်းတွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်များဖြင့် ဖမ်းဆီးမှုများပြုလုပ်နေပြီး ရွှေဘိုမြို့နယ် ကိုးပင်ဆည်အနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့နှစ်ရက်အတွင်း လူငယ် ၅၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။

ထို့အပြင် မြိတ် (ဘိတ်)၊ စစ်တွေနှင့် ကျောက်ဖြူမှ ဒေသခံပြည်သူများကလည်း ရန်ကုန်သို့သွားမည်ဆိုပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးများမှ ခရီးသွားခွင့်ထောက်ခံစာရယူနေရခြင်းဖြစ်သည်။

သတင်း – Thu Ta၊ Dureng

 

သင့်ထင်မြင်ချက်ရေးပေးပါ