မြစ်ကြီးနားမြို့တွင် ယနေ့ နံနက် ၉ နာရီခွဲခန့်မှ စတင်ကာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေကြောင်း သိရသည်။

ဖုန်းအော်ပရေတာအားလုံးနီးပါးပြတ်တောက်နေပြီး ဝိုင်ဖိုင်အင်တာနက်များလည်း မရရှိတော့ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ရုတ်တရက်ကြီး အားလုံးပိတ်ချလိုက်တာဗျာ။ ဘာတစ်ခုမှ မရတော့ဘူး။ အရမ်းကို အလုပ်ပျက်အကိုင်ပျက်ဗျာ။ ပြည်သူတွေကို သက်သက်ဒုက္ခပေးနေသလိုပဲ” ဟုဆိုသည်။

လက်ရှိအချိန်တွင် MyTel, Atom, MPT နှင့် အော်ရီဒူးဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ အားလုံးပြတ်တောက်နေခြင်းဖြစ်သည်ဟု သူကဆိုသည်။

မိုဘိုင်းလ်အင်တာနက်များနှင့် ဖိုင်ဘာအင်တာနက်များ အားလုံးပြတ်တောက်နေသော်လည်း MEC Tel ဖုန်းလိုင်းဖြင့် ဖုန်းခေါ်ဆိုနိုင်သည်ဟု အခြားဒေသခံတစ်ဦးကဆိုသည်။

“MEC Tel က ဖုန်းပြောလို့ရတယ်။ အင်တာနက်တော့ မရဘူး။ ဘယ်အချိန်ထိပျက်မလဲတော့ မသိဘူး” ဟု ပြောသည်။

တိုက်ပွဲများကြောင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် အင်တာနက်ဖိုင်ဘာကြိုးများပြတ်ခဲ့သဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကလည်း မြစ်ကြီးနားမြို့တွင် ဖိုင်ဘာအင်တာနက်လိုင်းနှင့် မိုဘိုင်းလ်ဖုန်းလိုင်းများ တစ်လကျော်ကြာပြတ်တောက်ခဲ့သည်။

ထို့အပြင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင်လည်း MPT, တယ်လီနော (Atom), Mytel, Ooredoo တို့မှာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ငါးရက်ခန့်ကြာပြတ်တောက်ခဲ့ပြီး MPT ဖုန်းအချင်းချင်းခေါ်ဆိုသည့် ဖုန်းလိုင်းသာရရှိခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း စစ်ရေးတင်းမာနေသည့် နေရာများတွင် ယခုကဲ့သို့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရပြီး ကချင်ပြည်နယ် ဖားကန့်မြို့နယ်ကိုလည်း ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့မှစတင်ကာ တစ်နှစ်ကျော်ကြာ အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့သည်။

Photo Credit – Telenor

သင့်ထင်မြင်ချက်ရေးပေးပါ