ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ရေးအရှိန်မြင့်တင်မည်ဟု ထုတ်ပြန်ပြီးနောက် မြို့အတွင်းရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။

ကလေးမြို့သိမ်းတိုက်ပွဲပြုလုပ်မည်ဟုသတင်းများထွက်ပေါ်နေပြီး တော်လှန်ရေးတပ်ဖွဲ့ကလည်း မြို့အတွင်းမှတိမ်းရှောင်ကြရန် ထုတ်ပြန်ထားသဖြင့် ဒေသခံ ငါးပုံနှစ်ပုံခန့်ထွက်ပြေးခဲ့ပြီး အများအပြားတိမ်းရှောင်ရန်ပြင်ဆင်နေသည်ဟု တာဟန်းရပ်ကွက်နေ ပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“အခြေအနေပေးရင်ပေးသလို ထွက်သွားတာပိုများတယ်။ လူကြီးပိုင်း၊ လူအိုပိုင်းတွေတော့ အိမ်ကို ဒီအတိုင်းကြီးသော့မပိတ်ထားနိုင်လို့ အိမ်မှာမွေးထားတဲ့ တိရိစ္ဆာန်တွေအတွက်နဲ့ မသွားဖြစ်လို့ကျန်တာ။ မြို့ပေါ်မှာက အခုကခြောက်ခြောက်ကပ်ကပ်ပဲ ရှစ်မိုင်ကိုးမိုင်ဘက်ဆိုရင်တော့ သူရဲခြောက်မလိုလိုပဲ” ဟုပြောသည်။

စစ်ကောင်စီတပ်စခန်းအနီး နေထိုင်သူများကိုလည်း စစ်ကောင်စီစခန်းနှင့် အနည်းဆုံးနှစ်လမ်းကျော်အထိ တိမ်းရှောင်ကြရန် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သတိပေးထားကြောင်း ဒေသခံများထံက သိရသည်။

ကလေးမြို့အဝင်အထွက်လမ်းမကြီးတွင်လည်း တိုက်ပွဲကြောင့်သွားလာ၍မရကြောင်းနှင့် ကားခနှုန်းထားမှာလည်း ယခင်ထက် ၁၀ ဆခန့်မြင့်တက်သွားပြီး အိန္ဒိယနယ်စပ်အထိသွားမည်ဆိုပါက နှစ်သိန်းခန့်ပေးရကြောင်း သူကဆက်ပြောသည်။

“ကလေးနဲ့ တီးတိန်ကြားဆိုရင် ရှစ်ထောင်ပေါ့ အခုက တောရွာတွေကိုပတ်ပြီးသွားတာ ရှစ်သောင်းအထိ တောင်းတယ်။ ကားသမားတွေက ငါတို့က အသက်စွန့်ပြီးလုပ်ပေးတာ ခင်ဗျားတို့ဘက်ကလည်း ဈေးမစစ်နဲ့ပေါ့။ ကားခက ဆီဈေးပေါ်မူတည်ပြီး မတည်မငြိမ်ဖြစ်နေတာ။ ကျွန်တော်တို့ မတတ်နိုင်တဲ့သူတွေကတော့ ဖြစ်ရင်လည်းဖြစ်သလိုပဲ ခံလိုက်မယ်ဆိုပြီး ဆုံးဖြတ်ထားတာပေါ့” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ကလေးမြို့ပေါ် စစ်ကားများဖြင့် ကင်းလှည့်ကာ ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်နေသောကြောင့် ဗိုလ်ချုပ်လမ်းမတစ်လျှောက်ရှိ ဈေးဆိုင်များပိတ်ထားကြောင်း အဆိုပါလမ်းနေပြည်သူတစ်ဦးက ပြောသည်။

“အခုတလောက ဘယ်အချိန်သေနတ်မြည်မလဲမသိတော့ မဖွင့်ကြဘူး။ စစ်ကားတွေ မောင်းလာတဲ့အချိန် သေနတ်တွေပစ်တယ်။ မနေ့ကတော့ ကြားရတယ်။ ဒီနေ့ကတော့ မကြားရသေးဘူး ရပ်ကွက်တွေလည်း တိတ်ဆိတ်နေတယ်” ဟုပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က စစ်ကောင်စီ၏ စက္ကန့်ကျေးရွာစခန်း၊ ကံကြီးကျေးရွာစခန်းနှင့် ကံသာယာကျေးရွာစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

ကလေးမြို့တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကစတင်ကာ လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူထိခိုက်သေဆုံးမှုများလည်းရှိသည်။

သတင်း – Dureng

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ