စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် မုံရွာမြို့နယ်တွင် ယမန်နေ့က ပြည်သူ ရှစ်ဦးဒဏ်ရာရရှိကာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံးသွားကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒေသအခေါ် ကျောက်စစ်ပုံအမြောက်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ရေကန်စုကျေးရွာမှ မိန်းကလေးတစ်ဦးသေဆုံးသွားခြင်းဖြစ်သည်ဟု မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (MPDO) တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ပြည်သူ ရှစ်ဦးထိခိုက်ဒဏ်ရာရသွားတယ်။ အဲ့မှာနှစ်ဦးက စိုးရိမ်ရတဲ့အခြေအနေရှိတယ်။ တိုးစည်ကုန်းရွာကလည်း ပြည်သူတစ်ဦးဒဏ်ရာရရှိထားတယ်။ ထိတွေ့တိုက်ပွဲတွေရှိတာလည်းမဟုတ်ဘူး” ဟုပြောသည်။

မုံရွာမြို့စီးပွားရေးတက္ကသိုလ်မှ ထွက်လာသည့်စစ်ကောင်စီစစ်ကြောင်းသည် ဘူးတောင်းကန်ကျေးရွာမှနေအိမ် ၁၇ ခုကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ကျေးရွာ ၇ ရွာရှိဒေသခံ ပြည်သူ နှစ်ထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းသည် ဘူးတောင်းကန်ကျေးရွာကိုမီးရှို့ဖျက်ဆီးပြီးနောက် ယနေ့နံနက်တွင် မုံရွာမြို့ စီးပွားရေးတက္ကသိုလ်ကျောင်းအတွင်း ပြန်လည်ဝင်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းက ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်အိမ်အပါအဝင် စစ်ကောင်စီဝန်ထမ်းအိမ်ယာများကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

သတင်း – Doi Awng

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ