KIA သိမ်းပိုက်ထားသော မံစီမြို့နယ် ကိုက်ထိပ်ကျေးရွာအနီးတွင် မြေရှားသတ္တုစတင်တူးဖော်လာမည်ကို ဒေသခံများစိုးရိမ်နေပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)၏ ဗန်းမော်ဇုံနယ်မှ မြေရှားသတ္တုတူးဖော်မှုကို ကန့်ကွက်ကြောင်းစာထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် မြေရှားသတ္တုတူးဖော်လာမည်ကို သိရှိသောကြောင့် ဗန်းမော်ဇုံနယ်အတွင်းရှိ အသင်းတော် ၄၅ ခုမှ အစည်းအဝေး ဆုံးဖြတ်ချက်အရ  ယခုလ ၂၀ ရက်နေ့တွင် ကန့်ကွက်စာထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဗန်းမော်မြို့ခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့ဘက်တော့ အမိန့်ပေးတာတွေတော့မဟုတ်ဘူးပေါ့။ သဘောမတူတဲ့အကြောင်းကိုပြောချင်တယ်။ အခုက အဲ့ဘက်နေရာတွေမှာ လမ်းတွေဖောက်လာ၊ နေရာတွေ ကွင်းဆင်းတာတွေလုပ်လာနေပြီ။ ကျေးရွာတွေမှာလည်း ညှိနှိုင်းတာတွေရှိနေတာကြောင့် ကန့်ကွက်ရတာပေါ့။ သူတို့ကမြေရှားတူးဖို့ အခုလုပ်တော့မယ့်ပုံစံတွေရှိနေပြီ” ဟုပြောသည်။

ဗန်းမော်ဇုံနယ်တွင် အသင်းတော်အဆင့်အဆင့် မြေရှားသတ္တုတူးဖော်ကို ရပ်တန့်စေရေး ကော်မတီများဖွဲ့စည်းနေပြီး အသိပညာပေးခြင်းများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

“အဓိကကတော့ ဆန္ဒပြဖို့လည်းမဟုတ်ဘူး။ ဒီမြေရှားတူးလာရင် ဘယ်လောက်အန္တရာယ်များတယ်ဆိုတာတွေကို ပညာပေးသင်တန်းတွေလုပ်သွားဖို့ရှိတယ်။ ထုတ်ပြန်ချက်မှာပါတဲ့ အချက်ငါးချက်ကို လက်ကမ်းစာစောင်တွေလုပ်သွားဖို့ရှိတယ်။ သူတို့တူးထားတဲ့ စိန်လုံတောင်ကြောတွေမှာ ငါးတွေလည်းမရှိတော့ဘူး။ သစ်ပင်တွေလည်းခြောက်နေပြီ၊ အရမ်းဆိုးသွားပြီ။ ဒေသခံတွေလည်း ဘယ်လောက်ကျန်းမာရေးအခြေအနေဆိုးလာမယ်ဆိုတာကို အားလုံးသိပြီးသားပဲ” ဟုပြောသည်။

ကွန်ကရစ်များဖြင့် အခိုင်အမာတည်ဆောက်ထားသည့် မံစီမြို့နယ်၊ ကိုက်ထိပ်စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်မဟာ (၃) ကတိုက်ခိုက်သိမ်းပိုက်ထားသည်။

ကိုက်ထိပ်ကျေးရွာသည် ၂၀၁၁ ခုနှစ်က ကချင်ဒေသတစ်ကျော့ပြန်စစ်ပွဲကြောင့် အိမ်ထောင်စု သုံးရာကျော် ယခုအချိန်ထိစစ်ရှောင်နေရပြီး စစ်ရှောင်ပြည်သူများနှင့် အခြားမံစီဒေသခံများပူးပေါင်းကာ မြေရှားသတ္တုတူးဖော်မှုကိုကန့်ကွက်နေကြောင်း ကိုက်ထိပ်စစ်ရှောင်ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောသည်။

“ကိုက်ထိပ်ရွာမှာက ဒေသခံတွေဘယ်သူမှမရှိတော့တာကြာပြီ၊ စစ်ကောင်စီစစ်တပ်တွေပဲနေတာ။ အဲ့မှာ ဟိုနေ့က KIA တွေပြန်သိမ်းလိုက်ပြီ။ KIA တွေသိမ်းလိုက်တော့ သူတို့က မြေရှားတူးဖို့ပြန်လုပ်လာတာဟုတ်တယ်။ ကျွန်တော်တို့ကတော့ အမြဲတမ်းကန့်ကွက်နေမှာပဲ” ဟုပြောသည်။

ကိုက်ထိပ်ကျေးရွာတွင် မြေရှားသတ္တုတူးဖော်မှုလုပ်ဆောင်ခြင်း ရှိ၊ မရှိ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက The 74 Media က ဆက်သွယ်မေးမြန်းရန်ကြိုးစားနေသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလ ၁၅ ရက်နေ့က KIO/KIA ဥက္ကဋ္ဌက KIO ထိန်းချုပ်နယ်မြေဖြစ်သည့် မိုင်ဂျာယန်မြို့တွင် ပြည်သူလူထု ၁၅၀၀ ခန့်ရှေ့တွင် ဒိန်ဆိန်းပါဒေသရှိ မြေရှားသတ္တုတူးဖော်မှုကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အလားတူ မိုးမောက်မြို့နယ်တွင် ဒေသခံပြည်သူများကန့်ကွက်နေသော်လည်း စိန်လုံတောင်ကြောရှိ စိုက်ပျိုးရေးခြံများတွင် မြေရှားသတ္တုတူးဖော်မှုကို KIA နှင့် စီးပွားရေးလုပ်ငန်းရှင်များပူးပေါင်းကာ ဆက်လက်လုပ်ကိုင်နေကြောင်း သိရသည်။

သတင်း – Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ