KIA ပူးပေါင်းတပ်သိမ်းပိုက်ခဲ့သော ရှမ်းပြည်နယ်မြောက်ပိုင်းမှ မိုးမိတ်နှင့် မဘိမ်းမြို့တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး (Martial Law) နယ်မြေအဖြစ်ကြေညာကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

မိုးမိတ်နှင့်မဘိမ်းမြို့၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကိစ္စရပ်များအတွက် စစ်အုပ်ချုပ်ရေးကျင့်သုံးရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကို အာဏာအပ်နှင်းကြောင်းဖော်ပြထားသည်။

မိုးမိတ်မြို့နှင့် မဘိမ်းမြို့တို့ကို ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် ပူးပေါင်းတပ်များ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် လက်ရှိအချိန်တွင် မိုးမိတ်မြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ထားသော်လည်း မဘိမ်းမြို့ကိုမှု KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားဆဲဖြစ်သည်။

စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားမရှိဘဲ တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် မဘိမ်းမြို့ကို စစ်အုပ်ချုပ်ရေး ကြေညာခြင်းမှာ အကျိုးသက်ရောက်မှုမရှိကြောင်း အမည်မဖော်လိုသူ မြို့ခံအမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“စစ်အုပ်ချုပ်ရေးကြေညာလည်း ဘာမှမဖြစ်လောက်ဘူး။ သူတို့ရှိတော့တာလည်းမဟုတ်ဘူးဗျာ။ ငအိုးမှာတော့ စစ်တပ်တစ်ခုကျန်သေးတယ်ပေါ့။ ဒီမှာတော့ သူတို့ရဲ့အုပ်ချုပ်ရေးရှိတော့တာလည်းမဟုတ်ဘူးလေ။ စစ်တပ်လည်းမရှိတော့ဘူး၊ ရဲစခန်းလည်း သူတို့ဗုံးလာကြဲလို့ ပျက်သွားပြီ။ ဒီဘက်မှာက ဘာမှမရှိတော့ဘူး သူတို့ကြေညာတယ်ဆိုလည်း ကြေညာရုံပဲရှိတာပေါ့” ဟုဆိုသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်၊ လောက်ကိုင်၊ ကုန်းကြမ်းစသည့် မြို့နယ်များအပါဝင် မြို့နယ် ၈ မြို့နယ်ကိုလည်း စစ်ကောင်စီက ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။

အာဏာသိမ်းသုံးနှစ်ကာလအတွင်း စစ်ကောင်စီက စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ပဲခူး၊ မွန်၊ ချင်း၊ ရှမ်း၊ ကရင်နှင့် ကရင်နီပြည်စသည့်တိုင်းနှင့်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၄၀ ကျော်ကို စစ်အုပ်ချုပ်ရေးကြေညာထားသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ