မံစီမြို့နယ်တွင် စစ်ကောင်စီတပ်၏လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ယမန်နေ့ညနေ ခြောက်နာရီခန့်က အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ-၆၀၁ နှင့် ၃၁၉ ကြားရှိ မံစီအခြေစိုက်အမြောက်တပ်မှ ရမ်းသမ်းပစ်ခတ်လိုက်သောလက်နက်ကြီးသည် မောရဝတီရပ်ကွက်တွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“မံစီမြို့ခံအမြောက်တပ်ကနေ လက်နက်ကြီးရမ်းပစ်နေတာ။ ငါးကြိမ်လောက်ပစ်တာ နှစ်ကြိမ်က ကျွန်တော်တို့ရပ်ကွက်ထဲကျတာ။ တိုက်ပွဲလည်းမဖြစ်ဘဲနဲ့ ရမ်းပစ်နေတာ။ ရပ်ကွက်ထဲကျတာ မိန်းကလေးတစ်ယောက်ထိသွားတယ်” ဟု ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူကို မံစီပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ဝမ်းဗိုက်နှင့်ခြေထောက်တို့တွင် ဒဏ်ရာရရှိခဲ့သည်ဟု မေတ္တာရှင်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးကဆက်ပြောသည်။

“ကျွန်တော်တို့အသင်းကနေ မံစီဆေးရုံကိုပို့ထားပြီးဗျ။ ထိခိုက်ထားတာတွေက ခြေဖမိုး၊ ခြေသလုံး၊ ခြေဖဝါး၊ ဝမ်းဗိုက်တွေမှာရော ထိထားပါတယ်ဗျ” ဟု ပြောသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က မံစီမြို့နယ် သံတံတားကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၄ လုံးမီးလောင်းပျက်စီးသွားသည့်အပြင် အသက် (၅၄) နှစ်အရွယ် ဦးဆန်ထွေးဆိုသူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့သည်။

မံစီမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စီခမ်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့က KIA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သတင်း – Zami

ဓါတ်ပံု – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ