ရှမ်းနီအမျိုးသားများတပ် (SNA)နှင့် ကသည်းပူးပေါင်းတပ်ဖွဲ့တို့ တပ်စွဲထားသော တမူးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်အစပ်ရှိ ကမ္ဘာလုံးစေတီကုန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

တမူးခရိုင်ကွပ်ကဲမှုဖြင့် တော်လှန်ရေးပူပေါင်းတပ်ဖွဲ့က အင်အား ၆၀ ခန့်ဖြင့် တပ်စွဲထားသော ကမ္ဘာလုံးစေတီကုန်းကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့၂၆ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“အခုမြေပြင်အခြေအနေကတော့ ကျွန်တော်တို့သိမ်းထားပြီး နယ်မြေရှင်းလင်းရေးဝင်ထားပြီးပြီဗျာ။ လောလောဆယ်သူတို့ဘက်က စစ်ကြောင်းထိုးလာတာမျိုးတော့မရှိသေးဘူး။ အောင်ဇေယျာကိုသိမ်းပြီးလို့ ဆုတ်ခွာသွားတဲ့ကောင်တွေ အဲ့ကမ္ဘာလုံးစေတီစခန်းမှာသွားပေါင်းတာလေး အဲ့ကြောင့်ထပ်တိုက်တာဗျ” ဟုပြောသည်။

အဆိုပါကမ္ဘာလုံးစေတီကုန်းတွင် SNA တပ်မဟာ ၈၉၁ လက်အောက်ခံ တပ်ရင်း – ၂ နှင့် ကသည်းပူးပေါင်းတပ်တို့က တပ်စွဲထားခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က လေကြောင်းမှ MI-2 ရဟတ်ယာဉ်ဖြင့် နှစ်ကြိမ်လာရောက်ဗုံးကြဲခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံး၊ ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး M22 တစ်လက်၊ G3 လေးလက်၊ G3 ကျည် ၆၇၅ တောင့်၊ 7.62ကျည် ၂၃၅ တောင့်၊ 5.56 ကျည် ၁‌၇‌၂‌ တောင့်၊ နင်းမိုင်း တစ်ခု၊ ကတ်သီး သုံးခု၊ M22 ကျည်အိမ် နှစ်ခုနှင့် G3 ကျည်အိမ် ၁၀ ခုတို့ကိုသိမ်းဆည်းရမိခဲ့ကြောင်း အမှတ် – ၁ စစ်ဒေသကထုတ်ပြန်ခဲ့သည်။

သွားရောက်တိုက်ခိုက်ရာတွင် တမူးခရိုင်ကွပ်ကဲရေးဖြင့် တမူးခရိုင်တပ်ရင်း (ရင်း – ၁၊ ရင်း – ၂) နှင့် KNA(B) ပူးပေါင်းအဖွဲ့တို့ ပါဝင်ခဲ့ပြီး ခရိုင်းတပ်ရင်း – ၄ ကလည်း လမ်းကြောပိတ်ဆို့ရေးတာဝန်ယူပေးခဲ့ကြောင်း သိရသည်။

တမူးမြို့နယ်၊ အောင်ဇေယျကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့ညမှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ခဲ့သည်။

သတင်း – Dureng

ပုံ – အမှတ် – ၁ စစ်ဒေသ FB page

သင့်ထင်မြင်ချက်ရေးပေးပါ