မော်လူးမြို့မှ မိုးကောင်းမြို့သို့ လူနာပို့ရန်သွားသည့် လူမှုကူညီရေးအသင်းဝင် နှစ်ဦး ဖမ်းဆီးခံထားရပြီး တစ်ပါတ်ကျော်ကြာမြင့်လာသည်အထိ အဆက်အသွယ်မရသေးကြောင်း သိရသည်။
အစာအိမ်ရောဂါနှင့် မူးယစ်ဆေးရှော့ခ်ဖြစ်ထားသည့် အရေးပေါ်လူနာရှိသည်ဟု ဆက်သွယ်လာသောကြောင့် လိုက်လံပို့ဆောင်ချိန် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“လူနာပို့သွားတာ အဲ့အချိန်ဖမ်းသွားတာလို့ပဲကြားတယ်ဗျာ။ လမ်းကြောင်းရှိတယ်ဆိုပြီး ထွက်သွားတာပဲ ဘယ်ကဖမ်းလဲဆိုတာကိုမသိတာ ဖုန်းလည်းဆက်လို့မရဘူး။ ဘယ်ကိုဆက်လို့ ဆက်ရမှန်းလည်း မသိဘူးဖြစ်နေတာ” ဟုပြောသည်။
ဖမ်းဆီးခံထားရသူမှာ မေတ္တာအားမာန်လူမှုကူညီရေးအသင်းမှ အသင်းခေါင်းဆောင် ဦးဆံရှည်နှင့် အသင်းဝင် ကိုချမ်းမြေ့ဆိုသူတို့ဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ရုံးမှကားနှစ်စီးဖြင့် ထွက်သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်ကြောင်း အသင်းဝင်တစ်ဦးက ပြောသည်။
“ခုနှစ်နာရီလောက်က အရေးပေါ်ဆိုပြီး ဖုန်းတစ်ခုဝင်လာတယ်။ လူနာက လေးယောက်ရှိတယ်ဆိုလို့ ကားကနှစ်စီးထွက်လိုက်တာ။ ဟိုပင်ထိတော့ အဆက်အသွယ်ရတယ်။ ဟိုဘက်တော့ ဖုန်းတွေက စက်ပိတ်သွားတာ လုံးဝအဆက်အသွယ်မရတော့တာ” ဟုပြောသည်။
ဦးဆံရှည်နှင့် ကိုချမ်းမြေ့က ယာဉ်တိမ်းမှောက်ကာ သေဆုံးသွားပြီဟု ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ဖုန်းလက်ခံရရှိခဲ့သော်လည်း မိုးကောင်းဒေသခံများ၏ အတည်ပြုချက်အရ ဖမ်းဆီးခံထားခြင်းဆဲဖြစ်ကြောင်း သူကဆက်ပြောသည်။
“သူတို့(ဖမ်းဆီးထားသူများ)ကပြန်ခေါ်ခဲ့တယ် မင်းတို့ကားသမားတွေသေသွားပြီ မဆက်ခဲ့နဲ့တော့လို့ ပြောတယ်။ အဲ့လိုပြောပြီးဖုန်းက ချသွားလိုက်တာဗျာ။ အဲ့နောက် မိုးကောင်းဘက်ကအသိတွေ မေးကြည့်တော့ ဘယ်ကလဲတော့မသိဘူး မော်လူးပရဟိတကားနှစ်စီးကို ဖမ်းထားတာတွေ့တယ်လို့ ပြောတယ်” ဟုပြောသည်။
ဖမ်းဆီးသွားသည့် အဖွဲ့အစည်းနှင့် ပတ်သက်ပြီး အတည်ပြုပြောကြားလိုခြင်း မရှိကြောင်းနှင့် ဖမ်းဆီးခံရချိန်မှသာ လူနာများမှာ တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာ ရရှိထားသူများဖြစ်ကြောင်းသိရကာ လူမှုကူညီရေးအသင်းဖြစ်သောကြောင့် လူနာကိုသာ အဓိကထားကာ လိုက်ပို့ခဲ့ခြင်းဖြစ်သည်ဟု သူကပြောသည်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ရန်ကုန် – မန္တလေး – ဗန်းမော် – မြစ်ကြီးနားလမ်းပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် ခရီးသွားပြည်သူများကို စစ်ဆေးမှုတင်းကြပ်နေပြီး ဖမ်းဆီးခံရသူများလည်းရှိကြောင်း သိရသည်။
ဧရာဝတီကရုဏာလူမှုကူညီရေးအသင်းမှ အသင်းဝင် ကိုဆန်းနိုင်လည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် မြစ်ကြီးနားမှ မန္တလေးသို့ လူနာပို့ဆောင်စဉ် စစ်ကိုင်းတိုင်းအတွင်း လက်နက်ကိုင်အဖွဲ့အစည်းများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။
သတင်း – Dureng
ပုံ – ဖမ်းဆီးခံထားရသည့် ဦးဆံရှည်နှင့် ကိုချမ်းမြေ့ (ပေးပို့)
သင့်ထင်မြင်ချက်ရေးပေးပါ