ဝိုင်းမော်မြို့နယ် နောင်တာလောကျေးရွာတွင် မြစ်ကြီးနားမြို့မှပြန်လာသည့် အချုပ်ကားတစ်စီး ယနေ့ညနေ လေးနာရီခွဲအချိန်ခန့်က မြောင်းထဲထိုးကျသွားကာ အချုပ်သားအချို့လွတ်မြောက်သွားကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။

ဝိုင်းမော်မြို့နယ် နောင်တာလောကျေးရွာ ရပ်ကွက် (၃) ရှိ မြစ်ကြီးနား – ဝိုင်းမော်သွားလမ်းပေါ်တွင် အချုပ်ကားတစ်စီးမြောင်းထဲထိုးကျနေပြီး ထွက်ပြေးလွတ်မြောက်သွားသည့် အချုပ်သားများကို ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေနေကြောင်း မျက်မြင်တွေ့ရှိသည့် အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်မပြန်လာတော့ အဲ့မှာတွေ့လိုက်တယ်။ ဘုရားရုပ်ထုအသေးလုပ်ထားတဲ့နေရာမှာဟုတ်တယ်။ ဝိုင်းမော်က အမှုသည်တွေ မြစ်ကြီးနားတရားရုံးကို တရားရင်ဆိုင်သွားပြီးပြန်လာတဲ့အချိန်ဖြစ်တာ။ အချုပ်ကလူတွေထွက်ပြေးသွားလို့ ရဲတွေသေနတ်နဲ့လိုက်ရှာနေတာတွေ့လိုက်တယ်။ အဝေးကြီးမှာထိုးကျနေတာလေ။ ကားကနည်းနည်းစောင်းနေတော့ အချုပ်ကလူတွေထွက်ပြေးသွားတာနေမှာ၊ ရဲတွေကလည်းဒီအချိန်ဆိုအရက်တွေသောက်ပြီးပြန်လာလို့လားမသိဘူး” ဟုပြောသည်။

မြစ်ကြီးနားမြို့နယ် ခရိုင်တရားရုံးမှပြန်လာသည့်အချုပ်ကား ပစ်ခတ်ခံရသောကြောင့် မြောင်းအတွင်းထိုးကျသွားပြီး အချုပ်ကားရှိ လူများထွက်ပြေးလွတ်မြောက်သွားသည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် အခြားအမျိုးသားတစ်ဦးက ပြောသည်။

“အချုပ်ကားတစ်စီးကို ပစ်လိုက်လို့ကားမှောက်သွားတာ၊ ကျွန်တော်ပုံတော့မရလိုက်ဘူး။ ရဲတွေအရမ်းတင်းကြပ်ထားလို့။ ကားက ဘက်ဟိုးကျွင်းထဲမှာပြုတ်ကျနေပြီ။ သေနတ်နဲ့ပဲပစ်လိုက်တာ ကားဆရာမှန်သွားတယ်ထင်တယ်။ အဓိကတော့ အချုပ်ကားထဲမှာဘာရှိလဲဆိုတာသိသာတယ်လေနော်။ လိုအပ်တဲ့လူရှိနေလို့ လုပ်တာနေမှာပေါ့။ အားလုံးလွတ်မြောက်သွားတယ်လို့သိရတယ်။ ဒီမှာက လုပ်ရဲတာတော့ အရေးကြီးတဲ့လူပါလို့နေမှာ” ဟုပြောသည်။

အချုပ်ကား ပစ်ခတ်ခံရခြင်းနှင့်ပတ်သက်ပြီး The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

မြောင်းထဲတွင်ထိုးကျနေသည့် အချုပ်ကားကို ကရိန်းကားဖြင့် ထုတ်ယူသွားပြီဖြစ်ကြောင်း သိရသည်။

နောင်တာလောကျေးရွာတွင် ကိုစိုင်းဆိုသူဦးဆောင်သည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များ လှုပ်ရှားသည့်နေရာဖြစ်ကြောင်း သိရသည်။

သတင်း – Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ