ဝိုင်းမော်မြို့နယ် ခ.လ.ရ (၅၈) အနီး ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က ဝက်စာရှာထွက်သည့် အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး အသက်သေဆုံးခဲ့ကြောင်း သိရသည်။

မဒိန်ကျေးရွာနှင့် ခကွမ်ကျေးရွာကြားရှိ စစ်ကောင်စီတပ်က ထောင်ထားသည့် မိုင်းနင်းမိခဲ့ခြင်းဖြစ်ပြီး ဆေးရုံရောက်ချိန်တွင် သေဆုံးခဲ့သည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်မတို့မနေ့က ဘုရားကျောင်းသွားတဲ့အချိန်ပေါက်ကွဲသံကြားလိုက်ရတယ်။ သံဇကာလည်းလုပ်ထားတယ်။ အဲ့မှာက ခြံလည်းကာထားတာ။ မိုင်းအန္တရာယ်ရှိတယ်လို့လည်း ရေးထားတာတွေရှိတာတဲ့။ ငှက်ပျော်ပင်သွားခုတ်ရင်းနဲ့ဖြစ်သွားတာ” ဟုပြောသည်။

သေဆုံးခဲ့သူမှာ မဒိန်ကျေးရွာတွင်နေထိုင်သည့် အသက် ၇၀ ကျော်ခန့်အရွယ်ရှိ ဒေါ်ကိဝမ်ဆိုသူဖြစ်ပြီး ခြေထောက်နှစ်ဖက်နှင့် နောက်ကျောတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း မွန်မြတ်စေတနာ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောသည်။

“ခြေထောက်နှစ်ဖက်စလုံးထိထားတယ်။ နောက်ကျောကဒဏ်ရာကြောင့် သေဆုံးသွားတာဟုတ်တယ်” ဟုပြောသည်။

ဒေါ်ကိဝမ်၏ ရုပ်အလောင်းကို ယနေ့ နေ့လယ်တွင် သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်စခန်း အနီးတစ်ဝိုက်တွင် မြေမြုပ်မိုင်းနင်းမိသောကြောင့် အရပ်သားပြည်သူသေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်နေပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း မူဆယ်မြို့၊ မန့်မိုင်ကျေးရွာတွင် တံမြတ်စည်းပင်ခုတ်ရန်သွားသည့်အမျိုးသမီးတစ်ဦး မြေမြုပ်မိုင်း နင်းမိသောကြောင့် ခြေထောက်နှစ်ဖက် ဖြတ်လိုက်ရပြီးနောက် အသက်သေဆုံးခဲ့သည်။

သတင်း – Doi Awng

ဓာတ်ပုံ – မွန်မြတ်စေတနာလူမှုကူညီရေးအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ