ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ယနေ့ နံနက် ၉ နာရီခန့်က ဟိုပင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကြားဖြတ်တိုက်ခိုက်ရာမှ နန့်ရင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဟိုပင်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်ဟု ဟိုပင် KPDF တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ဒီဘက်ငှက်ကင်(ဒရုန်း)အရင်ကျွေးထည့်လိုက်တာပါ။ အထိနာသွားတဲ့ (စစ်ကောင်စီ) တွေဟာ ဟိုပင်ဆေးရုံကို ခွေးဘီလူးနှစ်စီးနဲ့ သွားပို့ဆောင်ခဲ့ပေမယ့် သတင်းရတာတော့ သုံးယောက်တော့ ရောက်ရောက်ချင်းသေပြီး ခြေပြတ်၊ လက်ပြတ်တွေများတာကြောင့် အပြင်လူနာတွေကိုတောင် တစ်ယောက်စီပဲစောင့်ခိုင်းတယ်လို့ သတင်းရတယ်။ ဒါပေမယ့်အခုတော့ တပ်ကိုပြန်ခေါ်သွားပြီ” ဟုဆိုသည်။

ဟိုပင်မြို့မြောက်ဘက် မြို့ဦးစေတီဘက်မှ တက်လာသော အင်အား ၁၀၀ ခန့်ပါရှိသည့် စစ်ကောင်စီ၊ SNA နှင့် ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တိုက်ပွဲကြောင့် နန့်ရင်းကျေးရွာ တစ်ရွာလုံးနီးပါး နီးစပ်ရာဆွေမျိုးများရှိရာနှင့် ဟိုပင်မြို့ပေါ်သို့ တိမ်းရှောင်နေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“တချို့ကလည်း အစကတည်းကမပြေးဘူး။ တချို့ကျတော့လည်း အခုမှရှောင်တဲ့ဟာတွေရှိတယ်။ အဲဒီကနီးစပ်ရာတွေ ရှောင်နေကြတာပေါ့ဗျာ။ အဲဒီလိုပေါ့ဗျာ ကိုယ့်ခင်ရာမင်ရာတွေ ရှောင်ကြတာပေါ့” ဟုဆိုသည်။

မွန်းလွှဲ ၁၂ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အခြေအနေငြိမ်သက်နေကြောင်း သိရသည်။

ဟိုပင်မြို့၊ နန့်ရင်းကျေးရွာရှိ ချောင်းကူးတံတား ထိပ်နှစ်ဖက်ကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်များက ဘက်ဟိုးဖြင့် ရှစ်ပေခန့်နက်သည့် ကျင်းများတူးကာ လမ်းကို ဖြတ်သန်းသွားလာမရအောင် ပြုလုပ်ခဲ့သည်။

သတင်း – Thu Ta

ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ