လမ်းဘေးမြောင်းပုပ် အနံ့အသက်ဆိုးများခံစားနေရသဖြင့် မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်နေပြည်သူများနှင့် လမ်းအသုံးပြုသူများက မြောင်းကိုအမြန်ဆုံးပြုပြင်ပေးစေလိုကြောင်း သိရသည်။

မြေမြင့်ရပ်ကွက် မြစ်ဆုံဟိုတယ်ဘေးရှိ စွယ်တော်လမ်းမှ ရေမြောင်းတွင် ရေစီးရေလာမကောင်းဘဲ ပိတ်နေသဖြင့် နှစ်ချီကာ အနံ့အသက်ဆိုးများ ခံစားနေရသည်ဟု အဆိုပါလမ်းနေ အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“နံတာကတော်တော်ကြာပြီ နေတာကြာသွားလို့လားမသိဘူး နှာခေါင်းက အနံ့တောင်ယဉ်သွားပြီ။ တချို့သူတွေက အဲ့မြောင်းရေ သူတို့ဘက်စီးလာမှာစိုးလို့ ပိတ်ထားတာရှိတော့ ရေကဘယ်မှမစီးဘဲ တစ်နေရာတည်းမှာ စုပိတ်ပြီး အနံ့ထွက်တာ။ သူဖာနေသူစီးနေရင်တော့ ဘယ်က ဘာပဲလုပ်လုပ် ဒီလိုမျိုးအနံ့အသက်ကြီးက ဆိုးရွားမနေဘူးလေနော့်” ဟုပြောသည်။

အဆိုပါမြောင်းများမှာ နှစ်စဉ် မိုးရာသီတွင် မြောင်းရေလျှံကာ လမ်းတွင်ရေဝပ်လေ့ရှိသော်လည်း ယခင်နှစ်က လမ်းကိုမြင့်ထားသောကြောင့် မည်သို့ဖြစ်လာမည်ကို မသိနိုင်သေးကြောင်း သူကပြောသည်။

နံနက်အစောပိုင်းတွင် အနံ့အသက်အဆိုးဆုံးဖြစ်ပြီး ဖြတ်သန်းသွားလာချိန်တွင် အသက်ပင်အောင့်ထားရကြောင်း အဆိုပါလမ်းကို နေ့စဉ်အသုံးပြုနေသည့် မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အသက်အောင့်ရတာပါ့အေ့ မအောင့်နိုင်တော့ နှာခေါင်းပိတ်၊ ပါးစပ်နဲ့ရှူ။ အစက အဲ့လောက်မနံဘူး အခုပိုဆိုးလာတာ မန္တလေးအနံ့လိုပေါ့။ ရှူတာများရင်တော့ ရောဂါဖြစ်နိုင်ချေရှိတယ်” ဟုပြောသည်။

လမ်းတစ်လျောက်ရှိမြောင်းထဲတွင် အမှိုက်များ၊ အညစ်အကြေးများ ပိတ်ဆို့နေသဖြင့် အချို့နေရာများတွင် မြောင်းရေမစီးဘဲအိုင်နေသောကြောင့် မြောင်းပုပ်နံ့များထွက်နေခြင်းဖြစ်သည်။

စွယ်တော်လမ်းမှာ ယုဇနရပ်ကွက်နှင့် မြေမြင့်ရပ်ကွက်ကြားတွင်တည်ရှိပြီး မြောင်းပုပ်နံ့ထွက်နေခြင်းကို နစ်နာသူ လမ်းနေပြည်သူများက ကိုယ်တိုင်စည်ပင်သို့ တိုင်ကြားသင့်သည်ဟု မြေမြင့်ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စည်ပင်ကိုပြောရမှာ ကျွန်တော်တို့နဲ့ လုပ်ပေးလို့မရဘူး။ နစ်နာတဲ့သူတွေက မြောင်းတွေကို စည်ပင်ကိုလှမ်းတိုင်ရတယ်။ မြို့နယ်တို့ စည်ပင်တို့က ကွင်းဆင်းပြီးလုပ်တဲ့အခါမှ ကျွန်တော်တို့က ကြီးကြပ်ပေးရမှာ” ဟုပြောသည်။

ယုဇနရပ်ကွက်အခြမ်းရှိ မြောင်းပေအရှည် တစ်ထောင်ခန့်ကို လွန်ခဲ့သည့်တစ်လကျော်ခန့်က ရပ်ကွက်နေပြည်သူများ၏ အကူအညီဖြင့် ဆယ်ထားပြီးဖြစ်သော်လည်း မြောင်းအနှိမ့်အမြင့်မညီသောကြောင့် ရေစီးရေလာမကောင်းခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးဖြစ်သူကပြောသည်။

“မြောင်းက အနှိမ့်အမြင့်မညီတော့ တောက်လျောက်မစီးတဲ့သဘောရှိတယ်။ ဒီအတိုင်းက စည်ပင်ကို ပြန်တင်ရမယ့်သဘောရှိတယ်။ ဘတ်ဂျက်နဲ့ဆို မိုးကုန်ခါနီးမှ ကျမှာဆိုလို့ ရပ်ကွက်ကို အကူအညီတောင်းပြီး ဆယ်ထားပြီးပြီ။ မြစ်ဆုံဘေးကမြောင်းက ယုဇနဘက်ကို မစီးအောင် ပိတ်ထားတယ်ပြောတယ်” ဟုပြောသည်။

အဆိုပါမြောင်းနဲ့ပတ်သက်ပြီး ယခင်နှစ်များကတည်းက အာဏာပိုင်များသို့ တင်ပြသော်လည်း ထူးခြားလာခြင်းမရှိကြောင်းနှင့် မြောင်းများအားလုံးကို ရေစီးရေလာကောင်းအောင် တညီတည်း တူးဖော်ပေးစေလိုကြောင်း လမ်းနေပြည်သူများကပြောသည်။

မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်အချို့ရှိ လမ်းများတွင်လည်း မြောင်းပုပ်နံ့များ ထွက်နေပြီး၊ စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များနှင့် ရပ်ကွက်အတွင်းရှိ အမှိုက်ပုံများက ထွက်သည့် အနံ့အသက်ဆိုးများကြောင့် အနီးပတ်ဝန်းကျင်တွင်နေထိုင်သူများနှင့် မြို့ခံပြည်သူများက စိတ်အနှောက်အယှက်ကြုံနေရခြင်းဖြစ်သည်။

သတင်း – Nann, Zami

သင့်ထင်မြင်ချက်ရေးပေးပါ