စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ မံစီမြို့နယ်တွင် ယမန်နေ့ ညနေ ငါးနာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဒေသခံအမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ကြောင်းသိရသည်။

မံစီမြို့နယ် သံတံတားကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေအိမ်သုံးလုံးမီးလောင်သွားသည်ဟု မံစီဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“မနေ့ညက တစ်နာရီလောက်ပဲ လက်နက်ကြီးသံကြားရတယ်။ အကြိမ်ရေက ၄၀ လောက်ဟုတ်တယ်။ ကျွန်တော်တို့ကြားရသလောက်တော့ ပြည်သူတစ်ဦးသေသွားတယ်။ နေအိမ်လည်းသုံးအိမ်မီးလောင်သွားတယ်လို့ကြားရတယ်။ ဒီမနက်မှ သံတံတားကျေးရွာဒေသခံတွေ ပြန်ထွက်ပြေးနေရပြီ”ဟုပြောသည်။

သံတံတားကျေးရွာ ဒေသခံလူဦးရေက ၄၀၀ ခန့် ယခုလအတွင်းတိုက်ပွဲကြောင့်တိမ်းရှောင်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ကျေးရွာအတွင်းပြန်လည်နေထိုင်ခဲ့သော်လည်း ယမန်နေ့ကဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း သူကဆိုသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့အင်အား ၁၄၀ ခန့်ကို စောင့်ကြိုတိုက်ခိုက်ရာမှတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သံတံတားကျေးရွာရှိ ကျေးရွာလူကြီးကို ပစ်သတ်သွားကြောင်း KIA နှင့်နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးကဆက်ပြောသည်။

“ရွာလူကြီးကိုက အိမ်ပြန်လာတာကိုသေနတ်နဲ့ပစ်သတ်လိုက်တာဟုတ်တယ်။ မိနစ် ၄၀ လောက်တိုက်ပွဲဖြစ်လိုက်တာဟုတ်တယ်။ ဒီနေ့လည်းအသံကပြန်ကြားရမှာ။ သူတို့က စီခမ်းကြီးကိုပြန်ရချင်လို့ပြန်ထိုးနေတာ။ ဒီဘက်ကလည်း အားလုံးနေရာတကျလုပ်ထားတော့ တိုက်ပွဲကပြန်ဖြစ်မှာ” ဟုပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးခန့်သေဆုံးခဲ့ကြောင်း သူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ သတ်ဖြတ်ခဲ့သူမှာ သံတံတားကျေးရွာအတွင်းရေးမှူးဖြစ်သည့် အသက် (၅၄) နှစ်အရွယ် ဦးဆန်ထွေးဆိုသူဖြစ်ပြီး နေအိမ်အပြန်လမ်းတွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှသိရသည်။

အဆိုပါစစ်ကြောင်းသည့် စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ (၁၃)၊ ခြေမြန်တပ်ရင်း ခ.မ.ရ (၃၁၉)(၆၀၁) ပူပေါင်းတပ်တို့ဖြစ်ပြီး လက်ရှိအချိန် သံတံတားကျေးရွာတွင် စခန်းချနေထိုင်နေကြောင်းသိရသည်။

ကချင်ပြည်နယ် မံစီမြို့နယ်၊ စီးခမ်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သတင်း – Doi Awng

ဓာတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ