တိုက်ပွဲကြောင့်ပိတ်ထားသည့် မန္တလေး – မြစ်ကြီးနား လမ်းပိုင်းကို ယနေ့နံနက်ပိုင်းမှစတင်ကာ ပြန်လည်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ကောလင်းမြို့နယ်၊ ကျောက်တန်းကျေးရွာအနီး တိုက်ပွဲပြင်းထန်နေသဖြင့် တစ်ပတ်ခန့်ကြာပိတ်ထားခဲ့ပြီး ယနေ့နံနက်တွင် ဖွင့်ပေးလိုက်ခြင်းဖြစ်သည်ဟု ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကို ပြောသည်။

“မနေ့ကညနေပိုင်းကတည်းကစဖွင့်ပေးတယ် အချိန်ပိုင်းပဲပေါ့။ ဟိုဘက်ကလှုပ်ရှားမှုရှိခဲ့လို့ရှိရင်တော့ ခဏပိတ်ပေးတယ်။ အခုတော့အကုန်လုံးဖွင့်ပေးလိုက်ပြီ။ အတက်အဆင်းကတော့ အခုပုံမှန်အတိုင်းလိုမျိုးပဲ သွားနေတယ်။ ဒါပေမဲ့ကျောက်တန်းဘက်ရောက်လို့ရှိရင်တော့ ကားကိုမြန်မြန်မောင်းခိုင်းတယ်။ ဘာလို့ဆို သူတို့ပစ်မှတ်ထားမှာစိုးလို့လေ” ဟုဆိုသည်။

ကားကြီးများကို ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က ဖြတ်သန်းသွားလာခွင့်ပေးခဲ့ကာ လမ်းဖွင့်ပြီဖြစ်သောကြောင့် ကားလက်မှတ်များကို မနက်ဖြန်တွင်စတင်ရောင်းချပေးမည်ဖြစ်ကြောင်း မြစ်ကြီးနား – မန္တလေး ကားလက်မှတ်အရောင်းဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အတက်အဆင်းကားတွေအကုန်ပေါ့။ ပိတ်မိနေတဲ့ကားကြီး၊ ကားသေးအကုန်၊ တွဲကားတွေ၊ ဆီဘောင်ဇာတွေလည်း အကုန်တက်လာပြီတဲ့။ ကားကြီးတွေလည်း တချို့တော့ဝင်လာပြီ။ ကားလက်မှတ်တွေကတော့ မနက်ဖြန်ကစပြီးတော့ရောင်းပြီ ဒီနေ့ကတော့မရောင်းသေးဘူး” ဟုပြောသည်။

အဆိုပါလမ်းပိုင်းကို အများအားဖြင့် နံနက် ခြောက်နာရီမှ ညနေ ငါးနာရီခွဲခန့်အထိသာ ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း သိရသည်။

ကျောက်တန်းကျေးရွာအနီးရှိ သစ်ဖုလတောင်ပေါ်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူပေါင်းတပ်ဖွဲ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှစတင်ကာ မန္တလေး – မြစ်ကြီးနားလမ်းပိုင်းကို ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတို့ကြောင့် ယမန်နေ့က ကျောက်တန်းကျေးရွာတွင် နေအိမ်လေးလုံးထက်မနည်း မီးလောင်ပျက်စီးခဲ့သည်။

အင်းတော် – ထီးချိုင့် – တကောင်းလမ်းပိုင်းကိုလည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေသောကြောင့် စစ်ရေးအရ ထီးချိုင့်မြို့နယ်အတွင်း ယာဉ်ဖြတ်သန်းသွားလာခွင့်ပိတ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ကြေညာခဲ့သည်။

သတင်း – Thu Ta၊ Dureng

သင့်ထင်မြင်ချက်ရေးပေးပါ