ပူတာအိုမြို့အခြေစိုက် ဗျူဟာတပ်ကို ငွေကြေးပေးကာ မချမ်းဘော့မြို့နယ် ပြည်သူ့ဆေးရုံနှင့် ဌာနဆိုင်ရာရုံးများနောက်တွင် ရွှေတူးဖော်မှုများပြုလုပ်နေကြောင်း သိရသည်။

မလိခမြစ်အတွင်းရှိ ဒေသခံပြည်သူများ ကန့်ကွက်ကာ နှစ်ပေါင်းများစွာထိန်းသိမ်းလာသည့် နေရာကို တစ်ဆိုင်းလျှင်ငွေကျပ် ငါးသိန်းကောက်ခံကာ စစ်ကောင်စီတပ်က ရွှေတူးဖော်ခွင့်ပေးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ပြောသည်။

“မလုပ်ကောင်းတဲ့နေရာတွေပါ ဆေးရုံကမ်းပါးနဲ့ကပ်နေတော့ ရေကြီးလာရင် ဆေးရုံဘက်ကမ်းပါးတွေပါမယ်။ မိုးလေဝသ တိုင်းတာရေးလည်း အတူတူပါ။ ဒီထက်အရေးကြီးတဲ့နေရာမရှိတော့ဘူး နှစ်ပေါင်းများစွာ ထိန်းထားတဲ့နေရာပါ။ ဆေးရုံတာဝန်ရှိတဲ့သူတွေလည်း ဘာမှမပြောဘူးအားလုံးက ဝေစားမျှစားပေါ့” ဟုပြောသည်။

ပူတာအိုဗျူဟာနှင့် မချမ်းဘော့ အခြေစိုက် ခ.လ.ရ ၁၃၇ တပ်တို့မှ တပ်တွင်းရုံးအဖွဲ့မှ စာရေးကြီးများကို ငွေကြေးပေးကာ ရွှေတူးနေသည့် ရေငုတ်ဆိုင်း ၂၀ ကျော်ခန့်ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အဆိုပါတူးဖော်နေသူများတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဘာသာရေးဆရာနှင့် ဒေသခံပြည်သူအချို့ ပါဝင်နေသောကြောင့် မည်သို့ကန့်ကွက်ရမည်ကို မသိကြောင်း ရပ်မိရပ်ဖတစ်ဦးက‌ပြောသည်။

“အရင်ကတော့ လူကြီးခရီးစဉ်ရှိလို့ ပိတ်ထားတာ။ အခုပြန်စတူးနေကြတာ သိပ်တော့မကြာသေးဘူး။ ဒီလမှစတာ တူးတဲ့သူတွေ အရမ်းများတယ်။ ကန့်ကွက်တယ်ဆိုတာက ဒေသခံတွေနဲ့ ရပ်မိရပ်ဖတွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အဲ့လိုအဆင့်ဆင့်သွားရတာ။ အခုက အုပ်ချုပ်ရေးမှူးတွေ ကိုယ်တိုင်ပါတော့ ခက်နေကြတာ” ဟုပြောသည်။

လက်ရှိ ရွှေတူးဖော်နေကြသည့် မချမ်းဘော့မြို့နယ်ပြည်သူ့ဆေးရုံ၊ မိုးလေဝသရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မီးသတ်ရုံးနှင့် ဂူဘားရိပ်သာတို့၏ နောက်ကျောဘက် မလိခမြစ်တစ်ဖက်ကမ်းရှိ နောင်ခိုင်ကျေးရွာတွင်တူးဖော်နေကြခြင်းဖြစ်ပြီး တစ်ရက်ထက်တစ်ရက် မြစ်လယ်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မချမ်းဘော့မြို့နယ်အတွင်း ဒေသခံပြည်သူများ ကန့်ကွက်သော်လည်း ရွှေအလွန်အကျွံတူးဖော်မှုများကြောင့် ချောင်းရေများမှာ ရွံ့ရေအဖြစ်သို့ ပြောင်းလဲခဲ့ပြီး ရွှေမှော်တွင် လုပ်ကိုင်သူများကိုလည်း လုပ်အားခအဖြစ် မူးယစ်ဆေးပေးနေခြင်းဖြစ်သည်။

သတင်း – May

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ