ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ စစ်ကောင်စီတပ်၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA သတင်းနှင့်ပြန်ကြားရေးက ယမန်နေ့ညက ထုတ်ပြန်ကြေညာခဲ့သည်။

ကမ်းနီ‌ကျေးရွာအနီးရှိ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း (သို့မဟုတ်) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ရာ ၂၆ ရက်နေ့ည ၇ နာရီခန့်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းနှင့် လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

သင်တန်းကျောင်းတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် ယမန်နေ့ နံနက် (၂) နာရီခန့်က စစ်ကောင်စီတပ်က မင်းပြားမြို့နယ်ကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ မင်းဖူးဆေးရုံအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့ပြီး ဆေးကုသမှုခံယူနေသူများနှင့် ဆေးရုံဝန်ထမ်းများ ပြင်ထန်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေကံကျေးရွာမှ စစ်ရှောင်ပြည်သူ ၁၀ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လူနေအိမ်၊ စပါးကျီနှင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီးခဲ့သည်။

ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်နှင့် မောင်းတောမြို့ရှီ စစ်ကောင်စီတပ်စခန်းများကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရန် တိုက်ခိုက်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ