စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေသည့် ကောလင်းမြို့နယ်၊ ကျောက်တန်းကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံများ၏ နေအိမ်အချို့ ထပ်မံမီးလောင်ပျက်စီးမှုရှိကြောင်း သိရသည်။

ကျောက်တန်းကျေးရွာအနီးရှိ သစ်ဖုလတောင်တွင် သုံးနှစ်နီးပါးတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်တို့တိုက်ပွဲဖြစ်ပွားနေသောကြောင့် လေကြောင်းနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် နေအိမ်လေးလုံးထက်မနည်း မီးလောင်ပျက်စီးခဲ့သည်ဟု ကောလင်းဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။

“အိမ်တွေမီးလောင်တာ လေးလုံးတောင်မကတော့ဘူး။ ဒီနေ့ဆိုရင်လည်း မနက်ကတည်းက ရှော့ခ်ဒုံးတွေရော၊ ဟောင်ဝစ်ဇာတွေနဲ့ရော ဝန်းသိုစစ်ကောင်စီတပ်ကနေပစ်နေတာ။ အခုလည်းကိုးတောင်ဘို့ကနေ စစ်ကြောင်းတွေ ထပ်လာနေတယ်” ဟုဆိုသည်။

သစ်ဖုလတောင်ပေါ်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်က အင်အားနည်းနေသောကြောင့် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန်ကာကွယ်နေခြင်းဖြစ်ပြီး ကိုးတောင်ဘို့ဘက်မှလည်း စစ်ကူများပို့ဆောင်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကျောက်တန်းက နေအိမ်အချို့မီးလောင်သွားတယ် ဆိုတာဟုတ်တယ်။ လေယာဉ်နဲ့ပစ်လို့ လောင်သွားတာ။ အဲဒီစခန်းမှာအင်အား ၅၀ လောက်ပဲ စခန်းက တောင်ထိပ်မှာ အပေါ်နဲ့အောက်ချတာ။ အခြေနေတော့ကောင်းတယ်။ အဲ့ဒီနားမှာ ဒီစခန်းတစ်ခုပဲရှိတာ” ဟုပြောသည်။

အဆိုပါစခန်းကို တော်လှန်ရေးပူးပေါင်းတပ်က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှစတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ငါးရက်ခန့်ရှိပြီဖြစ်သည့် ယနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။

တိုက်ပွဲပြင်းထန်နေသောကြောင့် မန္တလေး – မြစ်ကြီးနားလမ်းပိုင်ရှိ ကောလင်းမြို့နှင့် အင်းတော်မြို့အနီးတို့တွင် ဖြတ်သန်းသွားလာခွင့် ပိတ်ထားသဖြင့် အိမ်စီးကား၊ ခရီးသည်ကားများအပါအဝင် ကားအစီးရေ တစ်ထောင်ခန့် ပိတ်မိနေကြောင်းသိရသည်။

သတင်း – Thu Ta၊ Dureng

ဓါတ်ပုံ – ယခုလအတွင်း ကောလင်းမြို့မီးလောင်နေသည်ကို ဝေဟင်မှမြင်တွေ့ရစဉ်။

သင့်ထင်မြင်ချက်ရေးပေးပါ