ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မလောင်အုပ်ချုပ်ရေးမှူးကို ယနေ့ မွန်းလွှဲ ၁ နာရီခန့်က အရပ်ဝတ်နှင့် အမည်မသိလူတစ်စုက သေနတ်ပစ်ဖောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

တိုယိုတာလင်ခရူဇာအမျိုးအစားကားဖြင့် အမျိုးသားခြောက်ဦးက သေနတ် ၁၀ ချက်ထက်မနည်း ပစ်ဖောက်ကာ အုပ်ချုပ်ရေးမှူးနှင့်အတူ ဆယ်အိမ်မှူတစ်ဦးကိုလည်း ဖမ်းဆီးသွားကာ စစ်ဆေးမေးမြန်းပြီးနောက် ဆယ်အိမ်မှူးဖြစ်သူ ပြန်လည်လွတ်မြောက်လာသည်ဟု နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ရွာမှာ သူ့ကိုမနာလိုတဲ့သူတွေ ရှိပါတယ်။ သူ့နေရာကို အစားထိုးဖို့ပြောတဲ့သူတွေ။ ငါတို့စစ်ကောင်စီဖက်က ခန့်ထားတဲ့သူတွေလားလို့မေးတယ်။ ရပ်ရွာမှာ ဘာတာဝန်ထမ်းဆောင်လဲလို့ မေးတယ်တဲ့။ (ဆယ်အိမ်မှူး)ကို ကားပေါ်က ချလိုက်တဲ့အချိန် နောက်ပြန်လှည့်မကြည့်နဲ့ လှည့်ကြည့်ရင် ပစ်သတ်မယ်ပြောပြီး လမ်းတစ်ဝက်မှာ ပြန်ချခဲ့တယ်” ဟုပြန်ပြောပြသည်။

အုပ်ချုပ်ရေးမှူးကို လက်ရှိမည်သည့်နေရာတွင် ဖမ်းဆီးခံထားရသည်ကို မသိရသေးကြောင်းနှင့် ဖမ်းဆီးစဉ် ထွက်ပြေးသောကြောင့် လက်နက်ကိုင်လူတစ်စုက သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“စဖမ်းခံရတော့ အုပ်ချုပ်ရေးမှူး ဒီတစ်ယောက်လားလို့မေးတာ သူလည်းအရမ်းကြောက်လို့ မဟုတ်ဘူးလို့ ပြောလိုက်တာတဲ့။ အဲ့တာရွာထဲမှာလိုက်ရှာပြီး ပြန်တွေ့တော့ အစကတည်းက သူဟုတ်တယ်လို့ပြောလေ ဘာလို့လိမ်တာလည်းဆိုပြီး တစ်ခါကန်ခံရတာတဲ့” ဟုပြောသည်။

အသက် ၃၇ နှစ်ခန့်အရွယ်ရှိ မလောင်ကျေးရွာအုပ်ချုပ်ရေးမှူးမှာ ဖမ်းဆီးခံရစဉ် သေနတ်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ဖမ်းဆီးခံရသည့် အုပ်ချုပ်ရေးမှူးကို မလောင်ကျေးရွာ ဒေသခံပြည်သူများက ရွာသူ၊ ရွာသားများကို ကောင်းမွန်စွာဆက်ဆံခြင်းမရှိဟုဆိုကာ ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီထံ စာပေးပို့တိုင်ကြားထားကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် ယခုရက်အတွင်း ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးအခြေအနေတင်းမာလျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း မြို့အတွင်း လမ်းလာလမ်းလာပြည်သူများကို တားဆီးစစ်ဆေးကာ ဖမ်းဆီးမှုများရှိခဲ့ကြောင်း သိရသည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ