စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းက ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်နှင့် ညီဖြစ်သူ၏ နေအိမ်အပြင် စစ်ကောင်စီဝန်ထမ်းအိမ်ယာများကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

မင်းတိုင်ပင်ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က နိုင်ငံပိုင်သစ်စက်ဝန်ထမ်းအိမ်ယာရှိ အဆောက်အအုံခုနှစ်ခုကိုလည်း မီးရှို့ဖျက်ဆီးသွားသည်ဟု နေအိမ်မီးရှို့ခံရသူ ဦးဇော်ထက်က The 74 Media ကိုပြောသည်။

“အရင်ကတည်းကမျှော်လင့်ထားပါတယ်။ ကျွန်တော့်အိမ်က ဆိုင်ကယ်ပစ္စည်း၊ စက်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနဲ့ လျှပ်စစ်ပစ္စည်းတို့ရောင်းတဲ့ဆိုင်ဆိုတော့ ဓာတ်ဆီလောင်းပြီးမီးရှို့လိုက်တာ အတွင်းပစ္စည်းတွေက အကုန်ပြာဖြစ်သွားတာပေါ့လေး။ သစ်စက်ဝန်ထမ်းအိမ်ယာဝန်းမှာတော့ မိသားစုငါးစု အကြော်ရောင်း၊ မုန့်ဟင်းခါးရောင်ပြီး နေကြတာ၊ ဘာလို့ရှို့သွားတာလား စဉ်းစားမရဘူး” ဟုပြောသည်။

စစ်ကောင်စီစစ်ကြောင်းက ယခုကဲ့သို့ ဒေသခံပြည်သူတို့၏ နေအိမ်များကို လိုက်လံမီးရှို့ဖျက်ဆီးပြီး ကြောက်စိတ်သွင်းနေသော်လည်း တော်လှန်ရေးစိတ်ဓာတ်များ ပျက်သုန်းသွားမည်မဟုတ်ကြောင်း သူကဆက်ပြောသည်။

အဆိုပါ အင်းအား ၁၀၀ ခန့်ပါရှိသည့် စစ်ကောင်စီပူးပေါင်းစစ်ကြောင်းမှာ ရိက္ခာရှာထွက်လာသော စစ်ကြောင်းဖြစ်သည်ဟု ချင်းတွင်းရိုးမမြေပြင်သတင်းထောက်ကိုမြတ်ကိုက ပြောသည်။

“သူတို့အဲ့နားပတ်ပတ်လည်က ရွာတွေကိုလှည်းနဲ့ ထွက်လာပြီးတော့ ရိက္ခာတွေ ခိုး၊ လု၊ ရှို့။ အလင်းဝင်လာတဲ့ ပျူတွေရဲ့ ပြောပြချက်အရကတော့ စကစကသူတို့ကို မထောက်ပံ့နိုင်တော့ဘူး။ ကြာတော့ ပြည်သူတွေရဲ့ ပစ္စည်းတွေကိုပဲ ခိုးမယ်၊ လုမယ်၊ အနိုင်ကျင့်မယ် ဒါပဲလုပ်စားနေကြတာကိုး” ဟုပြောသည်။

မင်းတိုင်ပင်ကျေးရွာသည် ပုလဲစခန်း၊ အင်မထီးကျေးရွာနှင့် ဇီဖြူကုန်းကျေးရွာကြားတွင် တည်ရှိသည်။

ပုလဲမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်က စစ်ရေးအရလှုပ်ရှားမှုမရှိဘဲ ဒေသခံပျူစောထီးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းက ရိက္ခာထွက်ရှာခြင်းများသာ ပြုလုပ်နေကြကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ တစ်ရက်နေ့ကလည်း ပုလဲမြို့နယ်၊ မြကုန်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး နေအိမ် ၁၈ လုံးမီးရှို့ဖျက်ဆီးကာ ဒေသခံပြည်သူ တစ်ဦးကို သတ်ဖြတ်ခဲ့သည်။

သတင်း – Dureng

ဓာတ်ပုံ – ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ FB page

သင့်ထင်မြင်ချက်ရေးပေးပါ