တိုက်ပွဲဖြစ်ပွားနေသည့် ဖားကန့်မြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီခွဲခန့်က လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ပြည်သူတစ်ဦး ထိခိုက်သေဆုံးခဲ့ပြီး နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဖားကန့်ဗျူဟာကုန်းမှ ရမ်းသမ်းပစ်ခတ်လိုက်သည့် ၆၀ မမ လက်နက်ကြီးတစ်လုံး မော်ဝှမ်းကြီးကျေးရွာသုဿန်အနီး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့နား တပ်မကုန်းကနေပစ်လိုက်တဲ့ ၆၀ မမနဲ့ လမ်းသွားနေတဲ့ ဘိုးတော်တစ်ယောက်ကို ထိတာတဲ့ ဗိုက်နဲ့ ရင်ဘက်မှာထိပြီး ဆေးရုံသွားလမ်းမှာဆုံးသွားပြီလို့ပြောကြတယ်” ဟု ပြောသည်။

သေဆုံးသူမှာ မော်ဝှမ်းသုဿန်အနီး တဲထိုးနေထိုင်သည့် အသက် ၆၅ နှစ်ခန့်အရွယ်ရှိ ဦးကျော်ထွန်းဆိုသူဖြစ်ပြီး ဝမ်းဗိုက်နှင့် ရင်ဘတ်တို့တွင် လက်နက်ကြီးစထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။

ဆိုင်းအောင်ကျေးရွာတွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံအမျိုးသားတစ်ဦး လက်တွင်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဖားကန့်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားကြောင်း မော်လကင်ကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“အိမ်နှစ်အိမ်မှာသွားကျလို့ အိမ်လည်းတော်တော်ထိပြီး လူလည်းထိတယ်တဲ့။ မနက်ပိုင်းလောက်ပဲ အဲ့ဒါလည်း လက်ထိသွားလို့ အခုတော့ဖားကန့်ဆေးရုံဘက်ပို့ထားပြီးတဲ့ ကျွန်တော်တို့နဲ့နီးနီးလေးပဲ ထိခိုက်လူနာကိုတော့ ကိုယ်တိုင်သွားမကြည့်ရသေးဘူး” ဟုပြောသည်။

ဖားကန့်မြို့နယ်တွင် ယမန်နေ့ ညနေမှ စတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA)၊ KPDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးနှင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

တိုက်ပွဲကြောင့် ဒေသခံပြည်သူများမှာ ယမန်နေ့ညနေမှ စတင်ကာ ထွက်ပြေးတိမ်းရှောင်နေပြီဖြစ်သည်။

ယမန်နေ့ညတွင်လည်း စစ်ကောင်စီတပ်၏ ဖားကန့်တပ်မကုန်းမှပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် တာမခံကျေးရွာ ရပ်ကွက် (၇) ရှိ ရွှေမင်းသားဖုန်းဆိုင်နှင့် ရွှေခြင်္သေ့ဆိုင်ကယ်အပိုပစ္စည်းဆိုင်တို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

တာမခံကျေးရွာရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ (၁၁၉) နှင့် ရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့က ယမန်နေ့ ညနေ ၄ နာရီခွဲခန့်မှ စတင်တိုက်ခိုက်ခဲရာ ၆ နာရီခွဲခန့်တွင် ရဲစခန်းကို သိမ်းပိုက်ခဲ့ပြီး လက်ရှိအချိန်တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ