ဖားကန့်မြို့နယ် တာမခံကျေးရွာရဲစခန်းကို ယမန်နေ့ည ၆ နာရီခွဲခန့်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် (KPDF) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိအချိန်တွင်လည်း တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

ရဲစခန်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများဆက်တိုက်ပြုလုပ်နေပြီး လက်ရှိအချိန်တွင်လည်း တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း အသက် ၂၅ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“မနေ့ကလည်း လေယာဉ်နဲ့ ခြောက်ကြိမ်လာပစ်တယ် ဒီမနက်လည်း လာပစ်တယ်။ ဒေသခံတွေက ဘုန်းကြီးကျောင်းတွေမှာ ဝင်ပုန်းနေရတယ်။ KIA က ရဲစခန်းကိုသိမ်းပြီးတာနဲ့ အဲ့(တပ်)စခန်းကိုလည်း ရအောင်သိမ်းဖို့လုပ်နေတယ်” ဟုပြောသည်။

အဆိုပါ ရဲစခန်းကို မီးရှို့ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း သိရပြီး တိုက်ပွဲအတွင်း KPDF တပ်ဖွဲ့ဝင်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။

KIA ပူးပေါင်းတပ်က ယနေ့ နံနက် လေးနာရီခွဲခန့်မှစတင်ကာ စစ်ကောင်စီခြေမြန်တပ်ရင်း (ခ.မ.ရ ၁၁၉) ကို သွားရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံ အခြားအမျိုးသားတစ်ဦးက ပြောသည်။

“ရဲစခန်းက သိမ်းလိုက်နိုင်ပြီ။ အဲ့စခန်းက ရဲစခန်းလို့သာပြောတာ စစ်သားတွေပဲနေတာဟုတ်တယ်တဲ့။ စစ်တပ်ဘက်က သေတာများလို့ လက်နက်ကြီးနဲ့ ပစ်ပေးနေတာ ထိခိုက်ဒဏ်ရာရတာက အတိအကျ မပြောနိုင်သေးရင်လည်း” ဟုပြောသည်။

ယမန်နေ့ညနေမှ စတင်ကာ ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများရှိပြီး ဒေသခံပြည်သူ အိမ်ထောင်စု ၄၀၀ ကျော်ခန့်လည်း ပိတ်မိနေကြောင်း သိရသည်။

လက်နက်ကြီးနှင့် လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်မီးလောင်ပျက်စီးမှုများရှိသည်ဟု သိရသော်လည်း ထိခိုက်ပျက်စီးမှုစာရင်းကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဖားကန့်မြို့နယ်၊ တာမခံကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းကို ယမန်နေ့ ညနေ ၄ နာရီခွဲခန့်မှစတင်ကာ KIA၊ KPDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာလျက်ရှိသည်။

သတင်း – Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ