တိုက်ပွဲများပြင်းထန်နေသဖြင့် ပိတ်ထားသည့် မန္တလေး – မြစ်ကြီးနားလမ်းပိုင်းဖြစ်သည့် ကောလင်းမြို့အနီး အိမ်စီးကား၊ ခရီးသည်ကားများအပါအဝင် ကားအစီးရေတစ်ထောင်ခန့် ပိတ်မိနေကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေသည့် ကျောက်တန်းကျေးရွာနှင့် ကိုးမိုင်ခန့်အကွာမှစတင်ကာ ပိတ်မိနေခြင်းဖြစ်ပြီး လမ်းပိတ်နေသည်မှာ လေးရက်ခန့်ရှိပြီဖြစ်သောကြောင့် အစားအသောက်ပိုင်းတွင် အခက်အခဲရှိနိုင်သည်ဟု ရွှေဘို – အင်တော်ကား ယာဉ်မောင်းတစ်ဦးက The 74 Media ကိုပြောသည်။

“အခုကအိမ်စီးကားတွေလည်း ဒီတစ်လမ်းကိုပဲ အားကိုးပြီးသွားနေရတာဆိုတော့ ထောင်ချီတော့ရှိမှာပါ။ အရင်ကတော့ နှစ်ရက်လောက်နေရင်ပွင့်သွားတာ ဒီလောက်မကြာဘူးဗျာ။ ကားဆရာတွေရော ခရီးသည်တွေရော လောလောဆယ်ကတော့ နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေးခက်ခဲတာပေါ့။ ဝယ်စားလို့ရတဲ့နေရာရှိရင်တောင် ကျေးဇူးတင်ရမှာ” ဟုပြောသည်။

ကျောက်တန်းကျေးရွာအနီးတွင် ယနေ့ နေ့လယ်ကလည်း မြစ်ကြီးနားလေတပ်မှ တိုက်လေယာဉ် နှစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိပိတ်မိနေသူနှင့် စစ်ရှောင်ပြည်သူ စုစုပေါင်း ၁၀၀၀ ခန့်အတွက် အစားအသောက်များ ချက်ပြုတ်ကျွေးမွေးထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကားသမားတွေရော၊ စစ်ရှောင်တွေရောရှိတယ်လေ။ သူတို့တွေအတွက်ကို လူတစ်ထောင်လောက်အထိ စားနိုင်ဖို့ အကုန်လုံးချက်ပြုတ်ပေးထားတယ်။ ပိတ်မိနေတာတွေကတော့ အင်းတော်နယ်ဘက်ရယ်၊ ဒိုးပင်ဘက်ရယ် ပြီးတော့ မင်းကွန်းတောင်ရိုးဘက်မှာဆိုရင် ပဒုမ္မာ၊ ဟိုဘက်မှာ ဆိုလို့ရှိရင်တော့ ကုက္ကိုလ်ကုန်းကနေပြီးတော့ အနောက်ဖက်ကိုပိတ်ထားတယ်” ဟုဆိုသည်။

ကျောက်တန်းကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှစတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်လည်း စစ်ရေးတင်းမာလျက်ရှိသည်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနေရာအချို့တွင် တိုက်ပွဲများဖြစ်ပွားနေသောကြောင့် မန္တလေး – မြစ်ကြီးနားလမ်းပိုင်းကိုလည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်နေ့မှစတင်ကာ ငါးရက်ခန့်ကြာ ပိတ်ခဲ့သည်။

သတင်း – Dureng, Thu Ta

ဓာတ်ပုံ – ၂၀၂၁ ခုနှစ် မတ်လက မြစ်ကြီးနားမြို့နယ် ၂၁ မိုင် စစ်ဆေးရေးဂိတ်တွင် ပိတ်မိနေသည့် ပြည်သူအချို့ကိုမြင်ရပုံ (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ