စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်အခြေစိုက်သည့် ချီဖွေမြို့နယ်၊ ပန်ဝါမြို့တွင် ယနေ့ နံနက် ၉ နာရီခန့်က ပြည်သူ့စစ်မှုထမ်းဥပဒေထောက်ခံကြိုဆိုပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်အား ၁၀၀၀ ခန့်ပါဝင်ပြီး နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်များက လုံခြုံရေးယူကာ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ရှေ့က ခဏကပဲဖြတ်သွားတာ မြို့ပေါ်မှာဟုတ်တယ်။ လိုက်တဲ့သူတွေကို ပိုက်ဆံပေးတယ်လို့ ပြောတယ်။ မြို့က ဘာမှမကြီးတော့ ခဏပဲပတ်ပြီး ပြီးသွားပြီထင်တယ်” ဟုပြောသည်။

အဆိုပါကြိုဆိုထောက်ခံပွဲကို ရပ်ကြည့်ကာပုံရိုက်သူကိုလည်း နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်များက ပြန်ဖျက်ခိုင်းခဲ့ကြောင်း ဒေသခံအခြားအမျိုးသားတစ်ဦးက ပြောသည်။

“အိမ်ကနေဓာတ်ပုံရိုက်တာ တွေ့လိုက်လို့ ပြည်သူ့စစ်တွေတက်လာပြီး ပြန်ဖျက်ခိုင်းလိုက်တယ်။ ထွက်ကြည့်လို့လည်းမရဘူး။ အဲ့မှာပါဝင်သူတွေပြောတာက ပိုက်ဆံလည်းမပေးဘူးတဲ့။ လိုက်အော်လို့ ရေဆာတာ ရေတောင်မတိုက်သေးဘူးလို့ပြောတယ်” ဟုပြောသည်။

ကချင်အထူးဒေသ (၁) ပန်ဝါမြို့သည် မြန်မာ – တရုတ်နယ်စပ်တွင်တည်ရှိပြီး စစ်ကောာင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်းဦးဆောင်သည့် နယ်ခြားစောင့်တပ် အခြေစိုက်ပြီး မြေရှားသတ္တုတူးဖော်မှု အများဆုံးဖြစ်သည်။

စစ်ကောင်စီတပ်၏ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူကကြိုဆိုထောက်ခံနေသည်ဟုပုံဖော်ရန် ပြုလုပ်နေကြခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ မိုးညှင်းနှင့် တနိုင်မြို့တို့တွင်လည်း ပြုလုပ်ခဲ့သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က အာဏာတည်ကြောင်း သတ်မှတ်ခဲ့ကာ လာမည့် ဧပြီလမှစတင် အကောင်ထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ