စစ်တပ်အာဏာသိမ်းကာလ သုံးနှစ်တာအတွင်း နိုင်ငံရေးအကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ်က အမျိုးသမီး ၅၅၀၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး ၂၂ ဦးထက်မနည်းကိုအဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန်နေ့ က ထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးခံခဲ့ရသည့် အမျိုးသမီး ၅၄၁၆ ဦးမှ အများဆုံးမှာ ရန်ကုန်တိုင်းမှဖြစ်ပြီး ကချင်ပြည်နယ်မှ အမျိုးသမီး ၁၉၆ ဦးခန့်ပါဝင်ကြောင်း သိရသည်။

သုံးနှစ်အတွင်း စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အမျိုးသမီး ၈၁၀ ခန့် သေဆုံးခဲ့ရပြီး အသက် (၁၈) နှစ်အောက် အမျိုးသမီးငါးဦးအပါအဝင် ၂၂ ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်ပြီးနောက် အဓမ္မပြုကျင့်မှုနှင့် အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုများရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတ်ဖြတ်ပြီးနောက် အဓမ္မပြုကျင့်ခံခဲ့ရသူနှင့် အဓမ္မပြုကျင့်သတ်ဖြတ်ခံရသူများမှ အသက် (၁၈) နှစ်အောက် အမျိုးသမီးသုံးဦးအပါအဝင် ၁၄ ဦးကို (AAPP) က မှတ်တမ်းတင်ထားပြီး နောက်ထပ်ရှစ်ဦးကိုလည်း အတည်ပြုရန် လိုအပ်နေသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

အကျဉ်းထောင်များတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမျိုးသမီးများမှာ လုံခြုံရေးအကြောင်းပြချက်ဖြင့် အဆောင်တွင်း လုံခြုံရေးကင်မရာတပ်ဆင်ထားကာ အမြဲမပြတ်စောင့်ကြည့်ခံရပြီး လိင်ပိုင်းဆိုင်ရာ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ပြောဆိုခြင်း၊ ရိုက်နှက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ထိပါစော်ကားခြင်း၊ အမျိုးသမီးအင်္ဂါနှင့် စအိုအတွင်းလက်ဖြင့် နှိုက်ကာ စစ်ဆေးခြင်းစသည့် အကြမ်းဖမ်းမှုများကို ကျူးလွန်ခံနေရကြောင်း သိရသည်။

အမျိုးသမီး ဖမ်းဆီးခံရမှု၊ လိင်အကြမ်းဖက်ခံရမှုနဲ့ သတ်ဖြတ်ခံရမှု အချက်အလက်များမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစပြီး ၂၀၂၄ ဖေဖော်ဝါရီ ၂၉ ရက်နေ့အထိ ပြုစုထားသည်များဖြစ်ပြီး မြေပြင်တွင် ယခုကိန်းဂဏန်းထက် ပိုမိုများပြားနိုင်ကြောင်း AAPP က ထုတ်ပြန်ထားသည်။

သတင်း – Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ