တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မုံရွာမြို့နှင့်အနီးတစ်ဝိုက်ကို စစ်ကောင်စီပူးပေါင်းစစ်ကြောင်းက လေးရက်ဆက်တိုက် လိုက်လံမီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၄၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းသွားရာ လမ်းတစ်လျှောက် လမ်းဘေးဝဲယာရှိနေအိမ်များကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစတင်ကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ကံပြားကျေးရွာဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“တိုက်ပွဲလည်းမရှိဘူး။ ထိတွေ့မှုလည်းမရှိဘူး။ ရွာကိုဝင်လာပြီး ၁၅ မိနစ်လောက်ဆို သူတို့သွားတဲ့လမ်းကြောင်းတောက်လျောက်ရှို့သွားတာ။ တကူတကကြီးကွေ့ဝိုက်ပြီးရှို့တာမဟုတ်ဘူး ရွာအစအဆုံးတည့်တည့် လမ်းဘေးဝဲယာအကုန်ရှို့သွားတာ” ဟုပြောသည်။

မီးရှို့ဖျက်ဆီးခံရသောကြောင့် ဘူးတောင်းကျေးရွာမှ နေအိမ် ၁၇ လုံး၊ တဲကုန်းကျေးရွာမှ အိမ်ခြေ ၅၀၊ ကံပြားကျေးရွာမှ နေအိမ် ၄၀၊ ပေကုန်းကျေးရွာမှ အိမ်ခြေ ၁၅ လုံးနှင့် ခိုသန်းကျေးရွာမှ အိမ်ခြေ ၈၈ လုံးတို့ ပျက်စီးခဲ့သည်။

ထို့အပြင်ကျေးလက်ဆေးပေးခန်း၊ လူနာတင်ယာဉ်နှင့် ရွာသို့ရေပေးဝေရာတွင် အသုံးပြုသည့် စက်တစ်လုံးလည်း မီးလောင်ပျက်စီးခဲ့ပြီး အခြားပျက်စီးမှုများကို အတိအကျမသိရသေးကောင်း သိရသည်။

နေအိမ်မီးရှို့ဖျက်ဆီးခြင်းခံရသော ဒေသခံများက နီးစပ်ရာဘုန်းကြီးကျောင်းများတွင် နေထိုင်ပြီး အချို့မှာလည်း ရွာတွင် ယာယီတဲများထိုးကာ နေထိုင်နေကြကြောင်း ဒေသခံများထံကသိရသည်။

ကျောက်စစ်ပုံအမြောက်တပ်မှ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးတပ်ဖွဲ့ဝင် အင်အား ၆၀ ခန့်ပါရှိသည့် အဆိုပါ စစ်ကောင်စီစစ်ကြောင်းက မုံရွာမြို့သိမ်းတိုက်ပွဲဖြစ်လာမည်ကိုစိုးရိမ်သောကြောင့် မြို့နှင့်နီးသော နေရာများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“စစ်သားအစစ်တွေသိပ်မရှိတော့ဘူး ပျူတွေပိုများတာဆိုတော့ ပရမ်းပတာတွေ ခိုင်းသမျှ အကုန်လုပ်တယ်။ မြို့သိမ်းတိုက်ပွဲလုပ်မှာကြောက်လို့ မြို့နားတစ်ဝိုက်က ပြည်သူတွေကို ဒုက္ခပေးမယ်။ နမခ တစ်ဝိုက်က ပြည်သူတွေကိုလည်း ဒုက္ခပေးမယ်။ ပြည်သူတွေကို အကြောက်တရာ လွမ်းမိုးအောင်လုပ်နေတဲ့သဘောပဲ။ နမခကနေလည်း လက်နက်ကြီးနဲ့ ပစ်လိုက် ဒရုန်းနဲ့ပစ်လိုက် နေ့တိုင်းနီးပါးလုပ်နေတာပဲ” ဟုပြောသည်။

မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကျေးရွာမှ တိုက်ပွဲဖြစ်ပွားနေသည့် မုံရွာမြို့နယ်၊ မုံရွေးကြေးမုံသို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းကို ယနေ့ နေ့လည်က မအူပင်ကျေးရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ရှစ်ရက်နေ့ကလည်း စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များက ကြိုးကြာကန်ကျေးရွာကို စစ်ကြောင်းထိုးပြီး မီရှို့ခဲ့သောကြောင့် နေအိမ် ခုနှစ်လုံးမီးလောင်ပျက်စီးခဲ့သည်။

သတင်း – Dureng

ပုံ –  ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ