တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသော ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာကို စစ်ကောင်စီပူးပေါင်းအဖွဲ့က ယနေ့နံနက် ရှစ်နာရီခန့်မှစတင်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်းသိရသည်။

စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်ဖွဲ့က တာမခန်ကျေးရွာ ရပ်ကွက် (၃) နှင့် (၄) ရှိ နေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ မီးလောင်နေကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“အစတော့ ကျွန်မအိမ်ပါပြီဆိုပြီးကြားလို့ ငိုပြီးမှ ရွာထဲခဏဝင်ဖို့ခွင့်တောင်းပြီးသွားကြည့်ဖြစ်တယ်။ ကျွန်မအိမ်တော့မပါဘူး။ ဒါပေမဲ့ မီးလောင်နေတာက ရွာအလယ်လမ်းနှစ်ဖက်စလုံးကနေ လောင်နေတော့ အများကြီး လောင်နေပြီ။ ဆုံးရှုံးမှုကအများကြီးရှိနေပြီ။ အခုချိန်ထိလောင်နေတုန်းပဲ။ ဒီလိုသာဆိုရင် တစ်ရွာလုံးလောင်သွားနိုင်တယ်” ဟု ပြောသည်။

စစ်ကောင်စီပူးပေါင်းအဖွဲ့က တာမခန်ကျေးရွာရှိ အရပ်သားအချို့ကို ဖမ်းဆီးနေသောကြောင့် KPDF တပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းဝင်ရောက်မှုကို ပိတ်ပင်ထားကြောင်း သူက ဆက်ပြောသည်။

“ဖမ်းခံရတာက ၄ ယောက်လို့ကြားတယ်။ အတိအကျမသိရသေးဘူး။ ဘယ်သူမှလိုက်မကြည့်ရဲဘူးလေ။ ဒါပေမဲ့ တက်နိုင်သလောက်စုံစမ်းနေတယ်။ တချို့က ဖမ်းခံရတဲ့သူတွေရဲ့ငိုသံတွေလည်းကြားတယ်လို့ပြောကြတယ်။ အခုချိန်မှာ ရွာဝင်ခွင့်တော့ပိတ်ထားပြီ။ အန္တာရာယ်များတယ်ဆိုပြီး တောဘက်ကအဖွဲ့တွေကမဝင်ခိုင်းတော့ဘူး။ အားလုံးကို ဆုတောင်းကူကြပါလို့ အခါခါတောင်းဆိုချင်ပါတယ်” ဟု ပြောသည်။

ကသိုင်းတောင်မှ စစ်ကူလာသည့် အင်အား ၅၀ ဝန်းကျင်ရှိ စစ်ကောင်စီ၊ SNA ပူးပေါင်းစစ်ကြောင်းနှင့် ကချင်လွတ်မြောက်ရေး (KIA) ပူးပေါင်းတပ်တို့က ကသိုင်းတောင်တာဝါတိုင်အနီး ယနေ့ နံနက် လေးနာရီခန့်မှစတင်ကာတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် တာမခန်ကျေးရွာတွင်းသို့ ဝင်ရောက်သွားကြောင်း KIA သတင်းရင်းမြစ်တစ်ဦးကဆက်ပြောသည်။

“နေရာတော့ ကသိုင်းတောင်တာဝါတိုင်နားမှာပါ။ အဲ့မှာကျွန်တော်တို့ဘက်က လူတွေစောင့်တဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်။ သူတို့နဲ့ဖြစ်ကြတာပါ။ အခုတော့ ဟိုကောင်(စစ်ကောင်စီ)တွေ တာမခန်ထဲဝင်သွားနိုင်ကြပြီ။ ရွာမီးရှို့တာက အဲ့ကောင်တွေလည်းဖြစ်နိုင်သလို စခန်းကုန်းက ခိုးထွက်သွားနိုင်တဲ့ကောင်တွေလည်းဖြစ်နိုင်တယ်။ ကျွန်တော်တို့လည်းလိုက်ရှာနေပါတယ်” ဟု ပြောသည်။

တိုက်ပွဲဆက်လက်ဖြစ်ပွားနေသောကြောင့် တာမခန်ကျေးရွာအတွင်း နေအိမ်မည်မျှလောင်ကျွမ်းသွားသည်ကို မသိရှိရသေးပါ။

တာမခန်တိုက်ပွဲအတွင်း ဒေသခံအရပ်သား နှစ်ဦးသေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ခါးတွင် လက်နက်ကြီးထိမှန်ထားကြောင်းသိရသည်။

KIA ပူးပေါင်းတပ်က ဖားကန့်မြို့နယ်ရှိ ဝှေခါတပ်စခန်း၊ နန့်တိန်းတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တာမခန်ကျေးရွာရှိ (ခ.မ.ရ ၁၁၉) စခန်းကို ဆက်လက်တိုက်ခိုက်နေသောကြောင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ