ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က မိုးညှင်းနှင့်မိုးကောင်းနယ်စပ်တွင် ကချင်ပြည်နယ်မှတ်ပုံတင် ကိုင်ဆောင်ထားသူများမှလွဲပြီး အခြားခရီးသွားလူငယ်အမျိုးသားများကို ဖမ်းဆီးစစ်ဆေးကာ စစ်ကောင်စီတပ်သို့ ပို့ဆောင်နေကြောင်းသိရသည်။

မြစ်ကြီးနား – မန္တလေးလမ်း ကြာကြီးကွင်းကျေးရွာနှင့် နန်းခွင်ကျေးရွာကြားရှိ နန်းခွင်တပ်အနီးတွင် ရှောင်တခင်စစ်ဆေးမှုများ မကြာခဏပြုလုပ်နေခြင်းဖြစ်သည်ဟု ထိုလမ်းပိုင်းကိုဖြတ်သန်းသွားလာနေသည့် ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကို‌ ပြောသည်။

“အခု ဒီဘက်တစ်ကြောကို ရှမ်းနီတွေဝင်ထားတာက ဆယ်ရက်ကျော်သွားပြီ။ ကားတွေကိုစစ်နေတာ တော်တော်ဆိုးတယ်။ အဓိက ၅ မျဉ်းစောင်း(စစ်ကိုင်းတိုင်းမှတ်ပုံတင်အမှတ်)တွေကို တော်တော်ရစ်တာ။ တချို့မှော်ထဲက ပြန်ခဲ့တဲ့သူတွေကို ဖမ်းခေါ်ထားတယ်။ ဂိတ်တော့မထိုင်ဘူး။ ဒီအတိုင်း ကားတွေတားတယ်။ ဆွဲချင်တဲ့သူဆွဲတယ်။ ပိုက်ဆံတောင်းတယ်” ဟုဆိုသည်။

ယခင်က ထိုနေရာတွင်စစ်ဆေးမှုများမရှိသော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ဝန်းကျင်ခန့်မှစတင်ကာ SNA နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က နေ့စဉ်နီးပါး ရှောင်တခင်စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း မိုးညှင်းမြို့ခံ အမျိုးသမီးတစ်ဦးကဆိုသည်။

“စခန်းတော့မဟုတ်ဘူး။ ဒီနေ့ ဒီနားတွေ့ရင် နောက်တစ်နေ့ဟိုနားပေါ့။ ကင်းလှည့်တဲ့ပုံစံနဲ့။ (အင်အား) ၃၀ ကျော် လောက်တော့ပါတယ်။ တပ်စိပ်တစ်စိတ်စာလောက်နဲ့။ စစ်သားလိုလို ဘာလိုလိုနဲ့ ဦးထုပ်က မြန်မာနိုင်ငံအလံပုံနဲ့ သူတို့ရဲ့ ဘယ်ဘက်လက်မောင်းမှာက ပ.သ.စ ဆိုပြီးရေးထားတယ်” ဟုဆိုသည်။

အဆိုပါပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ရက်သတ္တပတ်ခန့်က မင်္ဂလာဆောင်ပွဲသွားသည့် နန်းခွင်ကျေးရွာမှ လူငယ်များကိုလည်း ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သူက ဆက်ပြောသည်။

“ရက်တော့အတိအကျ မမှတ်မိတော့ဘူး။ မင်္ဂလာဆောင်ကူသွားတဲ့ ရွာကလူပျိုလေးတွေပစ္စည်းပို့အပြန် ကားနဲ့အပြည့်ဆိုတော့ ရှမ်းနီတပ်က နန်းခွင်တပ်ထဲတစ်ခါတည်း မောင်းဝင်ခိုင်းလိုက်တာ။ အဲဒီအရှေ့မှာပဲ မိဘတွေငိုတဲ့သူငို၊ မေ့လဲတဲ့သူလဲမေ့နဲ့။ အခုတော့ အဆင်ပြေသွားပြီ ပြန်လွှတ်ပေးပြီတဲ့” ဟုပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့ နှစ်ရက်တာအတွင်း မန္တလေး – ရွှေဘိုလမ်းပိုင်း ကိုးပင်ဆည်အနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် လူငယ် ၅၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရခဲ့သည်။

စစ်မှုမထမ်းမနေရ ဥပဒေအာဏာတည်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ကချင်ပြည်နယ်သို့လာရောက်သည့် လမ်းတစ်လျှောက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် ခရီးသွားလူငယ်အချို့ မကြာခဏဖမ်းဆီးခံနေရကြောင်းသိရသည်။

သတင်း – Thu Ta

ပုံ – ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။

သင့်ထင်မြင်ချက်ရေးပေးပါ