မပေါက်ကွဲသေးသည့် လက်နက်ကြီးကိုကျောက်ခဲဖြင့်ထုရိုက်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် ယနေ့ နံနက် ၈ နာရီခန့်က ဖားကန့်မြို့၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာတွင် အမျိုးသားတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၆၀ မမ အမျိုးအစားလက်နက်ကြီးကျည်ကို ကျောက်ခဲဖြင့်ထုရိုက်ခဲ့ခြင်းဖြစ်ပြီး တစ်ဦးသေဆုံးပြီး ကျန်နှစ်ဦးမှာဒဏ်ရာပြင်းထန်စွာရရှိခဲ့ခြင်းဖြစ်သည်ဟု နမ့်မှော်ကျေးရွာနေ ရေမဆေးသမားတစ်ဦးက The 74 Media ကိုပြောသည်။

“ဆေးသမားတွေဟုတ်တယ်။ ဆေးကြောင်ပြီး ကျောက်ခဲထုလိုက်တာလို့ပြောတယ်။ ကွဲတဲ့အသံကတော့ တော်တော်လေးကိုကျယ်သွားတယ်။ မြင်တဲ့သူပြောတာတော့ သုံးယောက်လုံး တစ်နေရာစီ လွင့်သွားတာ” ဟုပြောသည်။

ဒဏ်ရာပြင်းထန်စွာရရှိခဲ့သူနှစ်ဦးကို ဖားကန့်မြို့ ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဆေးကုသမှုခံယူနေကြောင်း လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးကဆက်ပြောသည်။

“သေတဲ့သူက ဗိုက်ပွင့်သွားတယ်။ ဟိုနှစ်ရောက်ကတော့ ခြေထောက်နဲ့လက်တွေမှာ ထိသွားတယ်။ လောလောဆယ် ဖားကန့်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်” ဟုပြောသည်။

သေဆုံးသူမှာ နမ့်မှော်ကျေးရွာနေ အသက် ၃၇ နှစ်ခန့်အရွယ် ဦးထွန်းအေးကျော်ဆိုသူဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်(KIA) ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် နေအိမ်မီးလောင်ပျက်စီးမှုနှင့် ပြည်သူထိခိုက်သေဆုံးမှုများရှိနေသည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ