မံစီမြို့နယ်၊ တမော်ကျေးရွာအုပ်စုရှိ စစ်ကောင်စီတပ်၏ မဂျီဂုံဗျူဟာကုန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် PDF ပူးပေါင်းတပ်က ယနေ့ မွန်းလွှဲ နှစ်နာရီကျော်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရသည်။

မဂျီဂုံဗျူဟာကုန်းရှိ တပ်စခန်းကုန်းသုံးနေရာကို သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ ဟောင်ဝစ်ဇာအမြောက်နှစ်ခုကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု အမည်မဖော်လိုသူ ရှေ့တန်းသတင်းရင်းမြစ်က The 74 Media ကို ပြောသည်။

“ဟောင်ဝစ်ဇာနှစ်လက်နဲ့ ဟောင်ဝစ်ဇာကျည်ဆံအများကြီးတော့ရထားတယ်။ မဂျီဂုံဗျူဟာဆိုတာက တြိဂံပုံစံ တောင်ကုန်း သုံးခုပေါ့။ တောင်သုံးတောင်စလုံးသိမ်းထားနိုင်ပြီ” ဟုပြောသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း KIA ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကာ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်နှင့်အတူစခန်းကို စွန့်ခွာထွက်ပြေးသွားကြောင်းသူကဆက်ပြောသည်။

“စစ်ကောင်စီ အလောင်းကတော့ တစ်လောင်းမှ မရလိုက်ဘူး။ ဒဏ်ရာပဲရသွားကြတာ။ တော်တော်များများက ထွက်ပြေးသွားကြတာလေ။ အကုန်ပြေးသွားကြတာ ဘယ်သူမှ မရှိတော့ဘူး။ တခြားလက်နက်တွေက သူတို့ယူပြီး ထွက်ပြေးသွားတာဆိုတော့ ဟောင်ဝစ်ဇာနဲ့ ကျည်ဆံတွေပဲရှိတော့တာ” ဟုပြောသည်။

အဆိုပါစစ်ကောင်စီစခန်းကို တစ်လခန့်ဝိုင်းဝန်းပိတ်ဆို့ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIA တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“တိုက်ပွဲမဖြစ်ပေမဲ့ မဂျီဂုံကိုပိတ်ထားတာ တစ်လကျော်လောက်တော့ရှိပြီ။ ဘလောင်ဒိန်ဆာစခန်းကို သိမ်းပြီးကတည်းက ပိတ်ဆို့ထားတာဟုတ်တယ်။ ကျွန်တော်တို့ရဲ့အလံကိုလည်း အဲ့နေရာမှာ လွင့်တင်ထားနိုင်ပြီလို့လည်းကြားနေရတယ်” ဟုပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုများစွာပြုလုပ်ခဲ့ကြောင်း သိရသည်။

မဂျီဂုံဗျူဟာကုန်းကို KIA ပူးပေါင်းတပ်က ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး သုံးရက်အကြာတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း – Pan Soon, Zami

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ