ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဘားဘူတောင်အုပ်စုရှိ ငတန်ပျင်းရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်ကာ လည်လှီးသတ်ဖြတ်ခဲ့ရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ၏ ဝန်ခံထွက်ဆိုထားသည့် ရုပ်သံဖိုင်ကို ယမန်နေ့ညက ရက္ခိုင့်တပ်တော် (AA) ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ တပ်မ ၂၂ လက်အောက်ခံ ခြေမြန်တပ်ရင်း (ခ.မ.ရ ၂၀၅) မှ တပ်ကြပ်ကြီး ကျော်မျိုးနိုင်၊ ဒုတပ်ကြပ် သူရနိုင်နှင့် တပ်သားအဆင့်ရှိသူ ချစ်လွန်း၊ မျိုးအောင်နှင့် ကိုကိုအောင်တို့က အုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီးနောက် ရင်ဘတ်တွင်သေနတ်နှင့်ပစ်ခတ်ကာ ခြောက်လက်မအရှည်ရှိ ဓားဖြင့် လည်လှီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းသည် ငတန်ပျင်းကျေးရွာသို့ ဝင်ရောက်ချိန် ဖြစ်ပွားခဲ့ပြီး အဓမ္မပြုကျင့်သတ်ဖြတ်ခံရသည့် အမျိုးသမီးအပြင် မိခင်ဖြစ်သူနှင့်အဖိုးအိုတစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း တပ်သားကိုကိုအောင် ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သားပြည်သူများအပေါ် ယခုကဲ့သို့ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများစွာရှိပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း မြောက်ဦးမြို့အခြေစိုက် ခ.မ.ရ (၃၇၈) တွင် ဖမ်းဆီးခံထားရသည့် သတင်း‌ထောက် ကိုမြတ်သူထွန်း (ခ) ဖိုးသီဟအပါအဝင် အကျဉ်သားခုနှစ်ဦးကို ခမရ – ၃၇၈ မှ ဌာနချုပ်တပ်ခွဲမှူး ဗိုလ်မှူးသိန်းထိုက်စိုး၊ ဗိုလ်ကြီးအာကာမြင့်နှင့် ခရိုင်ရဲမှူးကြီး ခင်မောင်စိုးတို့က သတ်ဖြတ်ခဲ့သည်။

အဆိုပါရုပ်အလောင်းများကို ရက္ခိုင့်တပ်တော် (AA) က ခ.မ.ရ (၃၇၈) ကို ဝင်ရောက်စီးနင်းစဉ် တပ်ရင်းရှိ ဗုံးခိုကျင်းတစ်ခုတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကိုမြတ်သူထွန်း၏ ခန္ဓာကိုယ်ပေါ်တွင် ကျည်ဆံဒဏ်ရာနှင့်အတူ ညှင်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများကိုတွေ့ရကြောင်း ရက္ခိုင့်တပ်တော် (AA) က ဖေဖော်ဝါရီလ ၁၁ နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

သတင်း – Dureng

သင့်ထင်မြင်ချက်ရေးပေးပါ