စစ်မှုမထမ်းမနေရ ဥပဒေအာဏာတည်ကြောင်း ထုတ်ပြန်ကြေညာပြီးနောက် ကချင်ပြည်နယ်သို့လာရောက်သည့် လမ်းတစ်လျှောက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် ခရီးသွားလူငယ်အချို့ ဖမ်းဆီးခံနေရကြောင်း သိရသည်။

ရန်ကုန် – မန္တလေး – ဗန်းမော်လမ်းပိုင်း ဗန်းမော်မြို့အဝင် စီဟဲကျေးရွာအနီးရှိ စစ်ကောင်စီဂိတ်တွင် ခရီးသည်တင်ကားများဖြင့် လိုက်ပါလာသည့်လူငယ်များကို KIA ထံ စစ်သင်တန်းသွားတက်သည်ဟု စွပ်စွဲကာ မကြာခဏဖမ်းဆီးမှုများရှိနေသည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဗန်းမော်ကို မန္တလေးတို့ ရန်ကုန်တို့ကနေပြီးတော့ လူငယ်တွေ ကားနဲ့မလာခဲ့ဖို့။ ၅/ တို့၊ ဘာတို့ အဲဒါတွေဆို ပိုဆိုးတယ်။ သူတို့ခေါ်သွားတာပဲရှိတယ်။ ဘယ်လို၊ ဘာလုပ်လဲ ဆိုတာမသိရဘူး။ အဲဒါတွေကြောင့်မို့ မလာခဲ့ကြဖို့” ဟုဆိုသည်။

ကချင်ပြည်နယ်သို့ သွားသည့်ကားလမ်းမကြီးတစ်လျှောက်ရှိ စစ်ကောင်စီလုံခြုံရေးဂိတ်များတွင်လည်း ကချင်ပြည်နယ်မှတ်ပုံတင်ကိုင်ဆောင်သူများမှလွဲပြီး အခြားလူငယ် အမျိုးသားများကို အဓိကထား ဖမ်းဆီးမှုများရှိနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“၅/၊ ၈/၊ ၉/၊ ၁၂/ ဘာမျဉ်းစောင်းနေနေ ကချင်ပြည်နယ်တက်ရင်ဖမ်းမှာပဲ။ တံတားဦးမှာ တပ်ဂိတ်ရှိတယ်။ အဲဒီဂိတ်ကနေဖမ်းတယ်။ နောက်ပြီးမုံရွာအသွားပေါ့ မြင်းမူဂိတ်ကဖမ်းတယ်။ နောက်ပြီး ရွှေဘိုကိုးပင်ဆည်နား အဲဒီမှာ စစ်တပ်ဂိတ်ရှိတယ်။ အဲဒီနေရာတွေကတော့ အဆိုးဆုံးပဲ” ဟုဆိုသည်။

မြစ်ကြီးနားသို့လာရောက်သည့် လမ်းခရီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးမှုများကြောင့် ကားလတ်မှတ်များကို ပုံမှန်အတိုင်းရောင်းချပေးနေသော်လည်း ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး တာဝန်ယူနိုင်ခြင်း မရှိကြောင်း ကားလက်မှတ်အရောင်းဌာနတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မြစ်ကြီးနားလမ်းကြောတွေ တစ်မျဉ်းစောင်းပဲသွားလို့ရတာ ကျန်တဲ့မျဉ်းစောင်းတွေသွားရင် ဆွဲချခံရမှာပါ့။ ဂိတ်မှာစစ်ဆေးတာ အရင်ထက်တောင် ပိုဆိုးတာပေါ့။ ဘယ်လိုတွေစစ်လဲတော့မသိဘူး ခရီးသည်တွေကိုပဲ ခေါ်မေးတာ ကျွန်တော်တို့ကားသမားတွေ သွားပြောရင် ပါးရိုက်ခံရမှာပေါ့။ အဲ့မှာစကားမပြောတတ်၊ ဘာညာဆိုရင်တော့ ဆွဲထားလိုက်တာပဲ။ အခုချိန်က ပုံမှန်ကာလမဟုတ်တဲ့အတွက် လမ်းမှာဆိုရင်လည်း ကိုယ်ဖြစ်ကိုယ်ခံပဲ လိုက်တာကလိုက်လို့ရတယ်” ဟုပြောသည်။

စစ်ကိုင်းတိုင်းမှတ်ပုံတင် (၅/-) ကိုင်ဆောင်ထားသည့် အမျိုးသမီးများက ခရီးသွားလာခွင့်ရသော်လည်း အမျိုးသားများကို ဖမ်းဆီးမှုများရှိကြောင်း သိရသည်။

ကချင်ပြည်နယ်သို့ မဖြစ်မနေခရီးသွားရန် လိုအပ်သည့် လူငယ်များအနေဖြင့်လည်း သွားမည့်ခရီးလမ်းတစ်လျှောက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (ပ.က.ဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပ.လ.ဖ)နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ)များထံ  ချိတ်ဆက်အကူအညီတောင်းခံပြီးသွားကြရန် တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

“အလုံခြုံဆုံးကတော့ မန္တလေးလောက်ရောက်မယ်ဆိုရင် သက်ဆိုင်ရာရပ်ကျေး ပကဖ တွေရှိတယ်နော့်။ မတ္တရာရှိမယ်၊ အနောက်ဖက်ဆိုရင် မင်းကွန်းတောင်ဘက်၊ စစ်ကိုင်း ပကဖတွေရှိတယ်။ အဲဒါတွေနဲ့ ချိတ်ဆက်ပြီးတော့ တောလမ်းအတိုင်းသွားတာကောင်းတယ်။ ERO တွေထဲလာရင်လည်း အဲဒီလိုပဲ ကတ္တရာလမ်းမကြီးကနေ သွားမယ်ဆိုရင်တော့ သေချာတယ်ဖမ်းခံရမှာ” ဟုဆိုသည်။

မန္တလေး – ရွှေဘိုလမ်းပိုင်း ကိုးပင်ဆည်အနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့ နှစ်ရက်တာအတွင်း လူငယ် ၅၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူများကို ကိုးကားပြီး DVB သတင်းဌာနက ဖော်ပြခဲ့သည်။

စစ်ကောင်စီတပ်၏ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်မည့်လူငယ်များနှင့် လက်နက်ကိုင်အဖွဲ့များထံ ဝင်ရောက်ရန် ဆက်သွယ်မေးမြန်းသူ ပိုမိုများပြားလာပြီးနောက် လမ်းခရီးတွင် ယခုကဲ့သို့ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ရေးဆွဲခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အတည်ပြုပြဌာန်းခဲ့ပြီး လာမည့်ဧပြီလမှစတင်ကာ အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း – Thu Ta၊ Dureng

ပုံ – နန့်စီးအောင်စစ်ဆေးရေးဂိတ် (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ