ဆိုင်ကယ်တစ်စီးဖြင့် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်တွင် ယနေ့မွန်းလွှဲ တစ်နာရီခန့်တွင် လာရောက်စွန့်ပစ်ခဲ့သော ဓားဒဏ်ရာနှင့်အမျိုးသားတစ်ဦး တစ်နာရီခန့်အကြာတွင် သေဆုံးသွားကြောင်းသိရသည်။

မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက် နယ်မြေ (၃) ရှိ အ.မ.က (၁) မူလွန်ကျောင်းအနောက်လမ်းဆုံတွင် လာပစ်သွားခြင်းဖြစ်ပြီး သေဆုံးသူမည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်း ရပ်ကွက်နေအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဘယ်ကလဲတောင် မသိသေးဘူး အခုထိ၊ ပတ်ဝန်းကျင်ကပြောတာတော့ ဆိုင်ကယ်တစ်စီးနဲ့ အဲ့နေရာမှာ ပစ်ထားတယ်လို့ပြောကြတယ်။ သူကတော့ သေသွားပြီဟုတ်တယ်။ ဘာကြောင့်ဆိုတာလဲ ဘာမှမပြောနိုင်သေးဘူး။ ဘာမှမသိရသေးလို့” ဟုပြောသည်။

သေဆုံးသွားသည့်အမျိုးသားကို ဟွန်ဒါစူပါကပ်ဆိုင်ကယ်အမျိုးအစားနှင့် လာရောက်စွန့်ပစ်သွားခြင်းဖြစ်သည်ဟု သိရသည်။

သေဆုံးသူမှာ အသက် ၄၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ဝမ်းဗိုက်တွင်ဓားဒဏ်ရာဖြင့် အူများထွက်ကာ သေဆုံးနေသည်ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း မြစ်ကြီးနားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လာပစ်သွားတာလား ဆိုင်ကယ်ပေါ်ကပြုတ်ကျသွားတာလားတော့မပြောတတ်ဘူး။ သူကအော်သေးတယ်တဲ့။ ပတ်ဝန်းကျင်ကမြင်တော့ အုပ်ချုပ်ရေးတွေကိုပြောပြီး ကျွန်တော်တို့ကိုအကြောင်းကြားလာလို့ ရောက်လာတာ။ ချက်အောက်မှာ တစ်လက်မလောက်ပဲဓားဒဏ်ရာရထားတာ သွေးလည်းမထွက်ဘူး အူတွေတော့ထွက်နေတယ်။ နဖူးဘယ်ဘက်မှာပွန်းပဲ့ဒဏ်ရာတော့ရှိတယ် အဲ့တာကဆိုင်ကယ်ပေါ်ကပြုတ်ကျလို့ထင်တယ်” ဟုပြောသည်။

အဆိုပါသေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို လက်ရှိ မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိ နယ်မြေ (၁) ဒေသအခေါ် ရော်ဘာခြံလမ်းကြားတွင်လည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလက အမျိုးသမီးတစ်ဦး လည်ပင်းတွင် ဓားဒဏ်ရာဖြင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

သတင်း – Doi Awng

ဓာတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း မြစ်ကြီးနား

သင့်ထင်မြင်ချက်ရေးပေးပါ