ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့်ပူးပေါင်းတပ်တို့ ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် စီခမ်းကြီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးပြီး ၁၂ ဦးခန့်အရှင်ဖမ်းမိခဲ့ကြောင်း KIA သတင်းရင်းမြစ်များထံမှသိရသည်။

မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာရှိ စစ်ကောင်စီစခန်းကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်း ၃၀ ခန့်တွေ့ရပြီး ၁၂ ဦးခန့်ကို အရှင်ဖမ်းမိထားသည်ဟု အမည်မဖော်လိုသူ KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“အခုနယ်မြေရှင်းလင်းရေးလုပ်နေတုန်းပဲ။ အလောင်းတွေကောက်နေတုန်း။ စစ်တပ်ဘက်က ၃၀ ကျော်သေသွားပြီ။ လက်နက်တွေလည်း အကြီးအသေးအားလုံးပေါင်း ၈၀ ကျော်လောက်သိမ်းနိုင်ခဲ့တယ်။ အားလုံးသိမ်းနိုင်ပြီ။ နယ်မြေရှင်းလင်းရေးလုပ်နေတုန်းမှာတောင် ဒီမနက်လေယာဉ်နဲ့လာပစ်သေးတယ်” ဟုပြောသည်။

The 74 Media ကရရှိခဲ့သည့် ဓါတ်ပုံမှတ်တမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး၏ ရုပ်အလောင်းကိုတွေ့ရသည်။

စခန်းသိမ်းပိုက်ခံရပြီးနောက် ယမန့်နေ့ ညပိုင်းနှင့် ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ သုံးကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူအရေအတွက် အတိအကျမသိနိုင်သေးကြောင်း မံစီဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“မြစ်ကြီးနားကလာတဲ့ တိုက်လေယာဉ်နဲ့လာပစ်တယ်။ ဒေသခံတွေက ကြားသိရသလောက်တော့ ၅ ယောက် အလောင်းကိုတော့တွေ့ရပြီတဲ့။ နေရာကကျယ်တော့ တခြားဘယ်နှစ်ယောက်လောက်ပါသွားလဲ မပြောတတ်သေးဘူး။ ရှာနေတုန်းပဲဟုတ်တယ်” ဟုပြောသည်။

စစ်ကောင်စီတပ်က ယမန်နေ့ည ၈ နာရီခန့်တွင်တစ်ကြိမ်၊ ယနေ့ နံနက် ၁၀ နာရီနှင့် ၁၀ နာရီခွဲခန့်တွင်လည်း တစ်ကြိမ်စီ လာရောက်ဗုံးကြဲသွားကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် လေးရက်အတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ် ၃၀ ထက်မနည်း လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က လေကြောင်းပစ်ခတ်မှုကြောင့် အသက်၂ နှစ်ခန့်အရွယ်နှင့် ၁၁ နှစ်ခန့်အရွယ်ရှိ ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူခြောက်ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အထက်တန်းကျောင်းနှင့် လူနေအဆောက်အဦးအများအပြား ထိခိုက်ပျက်စီးခဲ့ပြီး ပိတ်မိပြည်သူများလည်း ရှိသောကြောင့် ထိခိုက်သေဆုံးသည့် ပမာဏတိုးလာနိုင်သည်ဟု လူမှုကူညီရေးအသင်းများထံမှသိရသည်။

ကချင်ပြည်နယ် မံစီမြို့နယ်၊ စီးခမ်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က အပြီးသတ်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲကြောင့် စီခမ်းကြီးကျေးရွာအပါအဝင် စီကော်၊ သံတံတား၊ မက်လင်စသည့်အနီးအနားရှိကျေးရွာမှ ပြည်သူ ၅၀၀ ကျော်မှာလည်း နီးစပ်ရာနေရာများနှင့် မံစီ၊ ဗန်းမော်စသည့်မြို့များသို့ ထွက်ပြေးတိမ်းရှောင်နေသည်။

သတင်း – Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ