အင်းတော်မြို့နယ်တွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်က ယနေ့မွန်းလွှဲ ၁၂ နာရီခန့်တွင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အင်းတော် – နဘားလမ်းဆုံအနီးရှိ ကမ်းနီကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး အင်းတော်မြို့အတွင်းရှိ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးပစ်ကူများပစ်ခတ်နေကြောင်း ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“ကမ်းနီရွာထိပ်ပေါ့ အဲဒီနားမှာတိုက်ပွဲဖြစ်ပွားနေတာအခု။ တိုက်ပွဲက ပြင်းထန်နေတုန်းပဲ အခုချိန်ထိတော့ မနားကြသေးဘူး။ အင်းတော်ကနေလည်း လက်နက်ကြီးတွေပစ်နေပြီ” ဟုဆိုသည်။

စစ်ကောင်စီစစ်ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ KPDF ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

မော်လူးမြို့သို့ စစ်ကြောင်းထိုးရန် နဘားလမ်းဆုံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားရာနှင့်ချီဖြည့်တင်းထားပြီး ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ စစ်ကြောင်းထိုးလှုပ်ရှားနေကြောင်း အခြားဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“လွန်ခဲ့တဲ့ သုံးရက်လောက်ကနေ ထိုးစစ်ဆင်ဖို့လုပ်နေတာ ဒီစစ်ကောင်စီတွေ။ မော်လူးကိုသိမ်းဖို့ဆိုပြီးတော့ လေ။ ဒီနဘားမှာ အင်အားအများကြီးဖြည့်ထားတာပေါ့နော်။ အင်အား သုံးရာနီးပါးလောက်ရှိတယ်။ မော်လူးဘက်ကိုသွားချင်တာဆိုတော့ စစ်ကြောင်းလေးပတ်ပြလိုက် ပြန်ခေါက်လိုက် အဲဒီလိုမျိုးပုံစံလုပ်နေတာ လက်ရှိကတော့” ဟုဆိုသည်။

မော်လူးမြို့ကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ကချင်လွတ်မြောက်ရေး တပ် KIA၊ KPDF နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်မှ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က တိုက်ခိုက်သိမ်းယူထားသည်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားသည့် အချိန်များတွင် စစ်ရေးအခြေအနေပေါ်မူတည်ကာ မန္တလေး – မြစ်ကြီးနားလမ်းပိုင်းမှာ မကြာခဏပိတ်လေ့ရှိသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ