ကယားပြည်နယ်ရှိ ပြည်ထောင်စုလမ်းမပေါ်မှ တံတားနှစ်စင်း ဖောက်ခွဲခံရ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့ကြားရှိ ကဒါးလားကျေးရွာအနီးတွင် ယမန်နေ့ နံနက်ပိုင်းက တံတားနှစ်စင်း ဖောက်ခွဲခံဖျက်စီးခံခဲ့ရကြောင်း သိရသည်။

ကယားပြည်နယ်ရှိ ပြည်ထောင်စုလမ်းမပေါ်မှ တံတားနှစ်စင်း ဖောက်ခွဲခံရ

စစ်ကောင်စီက စစ်အင်အားတိုးချဲ့နေသဖြင့် အချက်အခြာကျသည့် တံတားဖောက်ခွဲခံရခြင်းဖြစ်နိုင်သည်ဟု အမည်အဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကို ယခုလိုပြောသည်။
“စစ်ကောင်စီဘက်နေပြီးတော့ စားနပ်ရိက္ခာတွေဆက်ပြီးပို့လို့မရတော့အောင် အဲ့လိုမျိုး ဖောက်ခွဲလိုက်တယ်ထင်ပါတယ်။ PDF တွေက ဒီးမော့ဆိုတစ်ခုပဲ ခါးစည်းခံပြီး တခြားမြို့နယ်တွေကို စစ်ကောင်စီက ဒုက္ခမပေးနိုင်အောင် ဖောက်ခွဲဖျက်ဆီးလိုက်တာနေမှာ”ဟု ပြောသည်။
အဆိုပါတံတားနှစ်စင်း ဖောက်ခွဲဖျက်စီးခံခဲ့ရသောကြောင့် ကုန်ဈေးနှုန်းများ မြှင့်တက်လာမည်ကို စိုးရိမ်ကြောင်း သူက ဆက်ပြောသည်။
“လွိုင်ကော်ကိုသွားဖို့ အဲ့တစ်လမ်းတည်းရှိတာလေ။ အခုတော့ ဒီးမော့ဆို ဖရူဆိုကြားက တံတားနှစ်စင်း ပျက်စီးသွားတော့ မြို့နယ်ရွာတွေအကုန် အခက်တွေ့ကုန်ပြီ။ ကုန်ဈေးနှုန်းတော့ ဘယ်ပြောကောင်းဦးမလဲလေ”ဟု ပြောသည်။
ဖောက်ခွဲမှုကြောင့် ပျက်စီးသွားသောတံတားနှစ်စင်းသည် ကယားပြည်နယ်အတွင်းရှိ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့၊ ဘောလခဲမြို့၊ ဖားဆောင်းမြို့၊ မယ်စဲ့နှင့် ရွာသစ်စသည့် နေရာများအား ဆက်သွယ်ထားသည့် အဓိကကုန်သည်စီးဆင်းရာ ပြည်ထောင်စုလမ်းမပေါ်တွင် တည်ရှိကြောင်း သိရသည်။

ကယားပြည်နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် စစ်ကောင်စီတပ်တို့ကြား မေလ ၂၁ ရက်နေ့မှ စတင်ကာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေရသူ စစ်ရှောင် အများအပြားရှိနေပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ