စစ်ကောင်စီတပ်များ

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မိုင်ခရိုဝေ့တောင်ခြေရှိ မြို့သစ်နှင့် စီဟတ်ရွာများတွင် စစ်ကောင်စီတပ်များက လူနေအိမ်များတွင် စခန်းချတပ်စွဲမှုများ ပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

မိုးမောက်မြို့နယ် စီဟက်ကျေးရွာတွင်းရှိ ဘုန်းကြီးကျောင်းများ စစ်ရှောင်သွားသည့်ပြည်သူများ၏ နေအိမ်များတွင် စခန်းချ တပ်စွဲ၍ အလော့ဘွမ်ဘက်သို့ နေ့စဉ် ညဆက် လက်နက်ကြီးများ သေနတ်များဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“တိုက်ပွဲဖြစ်လို့ ရွာထဲကသူတွေတချို့က ပြေးကုန်ကြပြီလေ။ အဲ့ပြည်သူတွေ မရှိတဲ့အိမ်တွေမှာ သူတို့က တပ်စွဲ စခန်းချပြီး တောင်ကုန်းဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်နေကြတာ။ ရွာထဲက ဘုန်းကြီးကျောင်းမှာလည်း သူတို့တွေပဲ။ ရွာထဲမှာ သူတို့ လူအင်အား ၁၀၀ ကျော်လောက်တော့ရှိမယ်” ဟုပြောသည်။
မြို့သစ်ကျေးရွာတွင်လည်း စစ်ကောင်စီတပ်များက စာသင်ကျောင်းများ ဆေးရုံများနှင့် မြို့သစ်လမ်းတစ်လျှောက်၌ စခန်းချတပ်စွဲထားကြောင်း အခြားဒေသခံတစ်ဦးမှ The 74 Media ကိုပြောသည်။
” မြို့သစ်လမ်း တလျှောက် စစ်သားတွေ တပ်စွဲထားတယ်။ ဘုန်းကြီးကျောင်းရော စာသင်ကျောင်းမှာတွေရောပဲ သူတို့က လမ်းဘေးအိမ်တွေမှာလဲ တပ်စွဲထားသေးတယ်။ လက်နက်ကြီးတွေပစ်ရင် သူတို့က ရွာထဲကနေ ပစ်ကြတာ ” ဟုပြောသည်။
မိုးမောက်မြို့နယ်တွင် စစ်ကောင်စီတပ်ရင်း ခမရ ၃၂၀ နှင့် ခမရ ၃၈၇ တို့ရှိပြီး ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားနေသည်မှာ နှစ်လခန့်ရှိ‌လာပြီဖြစ်သည်။

Photo Crd – ပုံဟောင်းပြန်လည်အသုံးပြုထားခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ