စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ယောကျာ်းလေးတစ်ဦးသေဆုံး

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ယနေ့မွန်းလွှဲ ၁ နာရီခန့်က စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ဆံကျရောက်ပါက်ကွဲသဖြင့် အသက် ၁၄ နှစ်အရွယ် ယောကျာ်းလေးတစ်ဦးသေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

မိုးမောက်မြို့နယ် ခါနန်ရပ်ကွက်မှ ကြက်ခြံတွင် အလုပ်လုပ်နေသည့် ကချင်အမျိုးသားတစ်ဦး စစ်ကောင်စီတပ် ခမရ ၄၃၇ တပ်မှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် ဦးနှောက်ပွင့် သေဆုံးခဲ့သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
” ဒီနေ့ နေ့လယ် ၁နာရီလောက်က တပ်ရင်း ခမရ ၄၃၇ တပ်ကနေပစ်တဲ့လက်နက်ကြီး ကြက်ခြံပေါ်ကျလို့ ၁၄နှစ်အရွယ်ကလေးတစ်ယောက်သေသွားတယ်။ ပစ်တာက မြို့သစ်ဘက်ကိုပစ်တာ ဒလတ်ပြုတ်ပီး မိုးမောက်မြို့စွန်ဘက်ကိုကျသွားတာ။ အဲ့ကလေးက နှဖူးကနေနှောက်စိကိုပေါက်ထွက်သွားတာ။ ကြက်ခြံမှာအလုပ်လုပ်တဲ့ ကချင်ကလေးလေးဟုတ်တယ် ” ဟုပြောသည်။
ထိုကလေးသည် အခြားနယ်မှ မိုးမောက်မြို့နယ်သို့ အလုပ်လာလုပ်ခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည်ဆံများသည် မိုးမောက်မြို့နယ်အနီးတဝိုက်ရှိ ရွာများတွင် မကြာခဏကျရောက်ပေါက်ကွဲလေ့ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ