ဖားကန့်တွင် မြေစာပုံပြိုကျပြီး ပျောက်ဆုံးနေသူများကို ရှာမတွေ့သေး

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မော်ကျေးရွာ ဆန်းရွှင်ကုမ္ပဏီလုပ်ကွက်အတွင်း မေလ ၁၅ ရက်နေ့ ည ၈ နာရီခန့်က မြေစာပုံပြိုကျခဲ့သည့် ဖြစ်စဉ်အတွင်း ပျောက်ဆုံးနေသူများကို ယမန်နေ့က ရှာဖွေခဲ့သော်လည်း ယနေ့တိုင် မတွေ့ရှိသေးကြောင်း သိရသည်။

ဖားကန့်တွင် မြေစာပုံပြိုကျပြီး ပျောက်ဆုံးနေသူများကို ရှာမတွေ့သေး

 

ပျောက်ဆုံးနေသူများကို ဖားကန့်မြို့ရှိ လူမှုကူညီ ကယ်ဆယ်ရေး အသင်းအဖွဲ့တစ်ချို့ စုပေါင်းရှာဖွေနေသော်လည်း ယနေ့ နံနက် ၉ နာရီ အချိန်အထိ မတွေ့ရှိရသေးကြောင်း ဒေသခံတစ်ဦးက The 74 media ကိုပြောသည်။
“မြေပြိုတာက လက်လုပ်ကျင်းကြောင့်ပြိုတာဗျ၊ ခုပြန်ရှာနေတာတောင် အန္တရာယ်အရမ်းများတယ်ဗျ၊ အပေါ်ကလည်း ထပ်ပြိုမှာစိုးရတယ်၊ လုပ်အားပေးတွေနဲ့ ရှာနေတာ ၊အခုထိတော့ မတွေ့သေးဘူး။ လူမှုကူညီရေးတွေ ပြောတာတော့ ပျောက်တာက တစ်ယောက်ဟုတ်တယ်လို့ပြောတယ်၊ ကျင်းထဲမှာ တိတိကျကျသိတာတော့ တစ်ယောက်ပါသွားတယ်”ဟု သူကပြောသည်။
ကယ်ဆယ်နိုင်ခဲ့သူများမှ အသက် ၂၆ နှစ် အရွယ် ခါတန်မှာ ဦးခေါင်းထိခိုက်ထားသောကြောင့် စိုးရိမ်ရပြီး ကိုမင်း အသက် (၂၇) ၊ မောင်မောင်ကြီး အသက် (၂၉)၊ မောင်နော်ဂရောင် အသက်(၂၀)၊ မောင်တူးမိုင် အသက် ၂၃ နှစ် ၊ ဒိန်ယော် (၂၁) နှင့် အောင်အောင် အသက်(၃၂) နှစ်တို့ စုစုပေါင်း ခုနှစ်ဦး ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်းသိရသည်။
မြေစာပြိုကျမှု ဖြစ်စဉ်တွင် လူအရေအတွက် မည်မျှ ပျောက်ဆုံးနေသည်နှင့် လူအသေအပျောက် ရှိ မရှိကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းလုပ်ကွက်များတွင် မိုးတွင်းကာလများအတွင်း မြေစာပုံပြိုကျမှုကြောင့် လူသေဆုံးမှုများမကြာခဏ ဖြစ်ပွားလေ့ရှိပြီး ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် လုပ်ကွက်ဟောင်းအတွင်းမြေစာပုံပြိုကျသဖြင့် လူနှစ်ရာနီးပါးသေဆုံးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ