ကချင်ပြည်နယ် မံစီမြို့နယ်တွင် ယနေ့နံနက် ၉ နာရီဝန်းကျင်၌ပင် စစ်ကောင်စီတပ်များက ကချင်လွပ်လပ်ရေးတပ် KIA ရှိရာသို့ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

မံစီမြို့နယ်တွင် ယမန်နေ့ညအချိန်တွင်လည်း တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး ယနေ့နံနက်အစောပိုင်း၌ပင် လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

” တစ်ညလုံးပစ်တယ်မနက်လည်းပစ်တယ်။ မနက်က ၉ နာရီလောက်မှာငြိမ်ပြီး ခဏက လေယာဉ်နဲ့ လာကြဲသွားတာ။ ဒီနေ့တော့ လေယာဉ်သံ တစ်ခါပဲ ကြားသေးတယ် ” ဟုပြောသည်။

စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားရာ အနီး ကျေးရွာရပ်ကွက်များတွင်လည်း ဝင်ရောက်တပ်စွဲခြင်းမျိုးရှိသည်ဟု ဒေသခံများထံမှ သိရသည်။

မံစီမြို့နယ်တွင် ယမန်နေ့ကတည်းကပင် ကချင်လွပ်လပ်ရေးတပ် KIA နှင့် စစ်ကောင်စီတပ်များကြားတိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။ ယခုချိန်တွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ