ဖားကန့်မြို့ လုံးခင်းကျေးရွာ ရဲစခန်းအနီးရှိ နေအိမ်တစ်လုံးတွင် ယနေ့နံက် ၉ နာရီခန့်က လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာရပ်ကွက်ရှိ နေအိမ်ကို အမည်မသိလက်နက်ကိုင် အမျိုးသားသုံးယောက်က ဝင်ရောက်လုယက်ခဲ့ခြင်းဖြစ်သည်ဟု အသက် (၃၅) နှစ်ခန့်အရွယ် ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အနုကြမ်းဝင်စီးသွားတာ အခုဓားပြတိုက်ခံရတဲ့အိမ်က ရဲစခန်းကုန်းရဲ့ အောက်နားမှာပဲ သေနတ်လည်းပါတယ်ပြောတယ်။ မျက်စိကိုတိပ်စည်းထားပြီး ကလစ်တွေနဲ့ လက်ကိုနောက်ပြန်ချည်ထားပေးတာဟုတ်တယ်” ဟုသူကပြောသည်။

အဆိုပါကျူးလွန်သူသုံးဦးမှာ တိုယိုတာ ခရောင်း အမျိုးအစား အိမ်စီးကားတစ်စီးနှင့် ငွေကျပ်သိန်း (၄၀) ခန့်ကိုယူသွားသည်ဟု အသက် ၂၆ နှစ်ခန့်အရွယ်ရှိ အခြားဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“အိမ်ထဲမှာက သူတစ်ယောက်တည်းနေတာ။ သူ့ကားလေးတောင်မကြာသေးဘူးဝယ်ထားတာက၊ အခုဓားပြတိုက်ခံလိုက်ရတာဆိုတော့ စိတ်မကောင်းဖြစ်မိတယ်” ဟုသူကပြောသည်။

ကျူးလွန်ခဲ့သူသုံးဦးကို အမြန်ဆုံးဖမ်းမိစေရန် လုယက်ခံခဲ့ရသည့် ကိုမျိုးဆိုသူက ရပ်မိရပ်ဖများထံတိုငိကြားထားကြောင်း သိရသည်။

ဖားကန့်မြို့ဆိပ်မူကျေးရွာအုပ်စုရှိ သံယောဇဥ်နန်းတော် တည်းခိုးခန်းတွင် မေလ ၃၀ ရက်နေ့ကလည်း လုယက်မှုဖြစ်ပွားခဲ့ပြီး ပိုင်ရှင်အမျိုးသမီးသတ်ဖြတ်ခံခဲ့ရသည်။

ဆိပ်မူကျေးရွာ ရှမ်းကုန်းရပ်ကွက်တွင် မေလ ၂၈ ရက်နေ့ကလည်း ကျောက်စိမ်းပြမည်ဟု လိမ်လည်ကာ ကျောက်လုပ်ငန်းရှင်တစ်ဦးကို ဓားတိုများကိုင်ဆောင်ထားသည့် အမျိုးသားခြောက်ဦးက ဓားပြတိုက်တိုက်ပြီး ရွှေချောင်းနှင့် ကျောက်စိမ်းများယူသွားခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်တွင် ဒုစရိုက်မှုများမကြာခဏဖြစ်ပွားနေပြီး မေလ (၁၃) ရက်နေ့ကလည်း လုံးခင်းကျေးရွာအုပ်စု အောင်ရာကျေးရွာရှိ ဆီဆိုင်တစ်ဆိုင်အနီးတွင် အသက် ၄၅ နှစ်ခန့်အရွယ်ရှိ ဦးကြိုင်ဆိုသူကို ဖုန်းနှင့် ဆိုင်ကယ်လုယက်ကာ ကျောက်တုံးနှင့်ထုသတ်ထားသည်။

သတင်း – SK

ဓာတ်ပုံ – ဓားပြတိုက်ခံရသည့်နေအိမ်

 

သင့်ထင်မြင်ချက်ရေးပေးပါ