ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုတွင် ယနေ့နံနက် ၄ နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လားရှိုးမြို့၊ ရက်ကွက် (၁၂) ရှိ ကန်မိန်းဘုန်းကြီးကျောင်းအနီးရှိ အမှတ် (၂) ရဲစခန်းနှင့် ရပ်ကွက် (၅) ရှိ ခြေမြန်တပ်ရင်း (ခ.မ.ရ) ၅၀၇ တို့တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“လမ်းထောင့်နားလေးမှာ သေနတ်ပစ်ထားတဲ့ ကျည်ဆံခွံတွေ အများကြီးရော။ အရမ်းကြီးတော့ မကြာဘူးထင်တယ်။ သူတို့ကရှော့တိုက်ဒုန်းနဲ့ ပစ်တာလား RPG နဲ့ ပစ်တာလား။ ထိတာ၊ မထိတာတော့ ကျွန်တော်လည်းမသိဘူး။ အဲ့နားလေးက ကျွန်တော်သိတဲ့ တစ်ယောက်လာတဲ့အချိန်တော့ ဓာတ်တိုင် ကျိုးသွားတယ်လို့ပြောတယ်” ဟုပြောသည်။

သိန္နီမြို့ပြင် နမ့်တူချောင်းအနီးတွင်လည်း ယမန်နေ့ည ၈ နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အနီးရှိနေအိမ်တစ်လုံး ကျည်ထိမှန်ခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ဘာဖြစ်တာလဲက အတိကျမသိဘူး။ နှစ်နာရီခွဲမှာတစ်ခါ ၈ နာရီမှာတစ်ခါ အသံမြည်တယ်။ အဲ့ကနေ တောက်လျှောက်မြည်တော့တာပဲ။ ခဏပဲ ဘယ်သူတွေပစ်တာလဲတော့ မသိဘူး။ အိမ်တစ်လုံးကတော့ လက်နက်ငယ်တွေ ထိတယ်။ လူထိတာတော့ မကြားဘူး” ဟုပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် ဧပြီ ၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

သတင်း – Nan Non

သင့်ထင်မြင်ချက်ရေးပေးပါ