စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်‌ရေးဦးစီးဌာန (လ.ဝ.က) ရုံး ယမန်နေ့ နံနက် ၇ နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ရုံးတွင်ကင်းစောင့်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးကို သွားရောက်ပစ်ခတ်ချိန် လေးဦးသေဆုံးခဲ့ပြီး သေနတ်လေးလက် သိမ်းဆည်းရရှိခဲ့သည်ဟု Farmers Revolution Force မုံရွာခရိုင်တပ်ရင်း – ၈ ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ကားနဲ့ဟန်ဆောင်ပြီးအခွန်ပေးမှာလိုဘာလိုနဲ့ပစ်တာ။ အဲ့ကားနဲ့ ယုတ္တိရှိအောင်လုပ်ပြီးတော့မှ အဲ့နား‌ရောက်မှ အကုန်လုံးလုပ်ပစ်တာ။ အဝေးကမဟုတ်ဘူး အနီးကပ်ပစ်တာပေါ့ ဟိုလိုပြောရမယ်ဆိုရင် ငါးပေ၊ ခုနှစ်ပေ အဲ့လောက်ကနေ ပစ်တာပေါ့” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ G3 သေနတ်လေးလက်နှင့် သေနတ်ကျည်ဆံ ၄၉ တောင့် သိမ်းဆည်းရရှိခဲ့သည်။

အဆိုပါ လ.ဝ.က ရုံးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖြတ်သန်းသွားလာနေသော ပြည်သူများထံမှ ငွေကျပ် ၅၀၀၀ ထက်မနည်းကို ဥပဒေမဲ့ကောက်ခံလျက်ရှိကြောင်း ချောင်းဦးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“အခုက အဲ့နားလေးမှာ စစ်တပ်ကမနက်မနက်ဆိုရင် ကားကြီးတွေကို ပိုက်ဆံကောက်တာ။ ပိုက်ဆံ ကောက်နေတဲ့အချိန် ပစ်လိုက်တာ။ ပုံမှန်အားဖြင့် သူတို့က ကားပေါ်မှာပါလာတဲ့ ပမာဏအပေါ် ကောက်တယ်လို့ ထင်တယ်ဗျ။ အတိအကျတော့မရှိဘူးရယ်။ သူတို့ထင်ရာကောက်နေကြတာပေါ့” ဟုပြောသည်။

ပြီးခဲ့သည့် မေလ ၉ ရက်နေ့ကလည်း ချောင်းဦးမြို့ မေဃဝန်ကျောင်းတိုက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဈေးဝယ်ထွက်လာချိန် တိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံးခဲ့သည်။

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် အိမ်ထောင်စု နှစ်သောင်းကျော်ရှိပြီး လူဦးရေ တစ်သိန်းခန့် နေထိုင်သည်။

သတင်း – Ma Di

ဓါတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ