ဆိုင်ကယ်စီးနေသည့်အမျိုးသားနှစ်ဦးကို ကားဖြင့်တိုက်ပြီးမောင်းပြေးသည့်ဖြစ်စဉ်တစ်ခု ယနေ့နေ့လယ် ၁၂ နာရီခန့်က မြစ်ကြီးနားမြို့နယ် အင်ဂျန်ဒုံရပ်ကွက်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ဆွမ်ပါဘွမ်လမ်းမကြီးပေါ်ရှိ ဇေယျာမင်း စက်သုံးဆီဆိုင်အနီးယာဉ်တိုက်ခံရခြင်းဖြစ်ပြီး ဆေးရုံသို့ ပို့‌ဆောင်ချိန်အထိ သတိမရသေးကြောင်း မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“နှစ်ဦးစလုံးက သတိမရဘူး၊ ကျွန်တော်တို့လည်း လိုအပ်တာတွေလုပ်ပေးပြီး ဆေးရုံးကြီးကိုပို့ပေးခဲ့တာ။ တစ်ယောက်ကိုက ကျွန်တော်တို့ပို့လိုက်တယ်။ နောက်တစ်ယောက်ကိုက မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မြစ်ကြီးနား) က ပို့ပေးခဲ့တာဟုတ်တယ်” ဟုပြောသည်။

မည်သည့်မော်တော်ယာဉ်အမျိုးအစားတိုက်သွားသည်ကို မသိရှိရဘဲ ဖြစ်စဉ်ဖြစ်ပွားသည့်နေရာ ဆိုင်ကယ်တစ်စီးပျက်စီးနေသည်ကို တွေ့ခဲ့ရကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မြစ်ကြီးနား) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့လည်းဘယ်လိုဖြစ်တာကိုမသိရဘူး။ နှစ်ယောက်စလုံးသတိမေ့နေတာကို ပတ်ဝန်းကျင်က ဖုန်းဆက်လာလို့သွားလိုက်တာဟုတ်တယ်။ ဘယ်လိုမျိုးယာဉ်အမျိုးအစားနဲ့တိုက်ထားတာလဲ မသိဘူး။ နှစ်ယောက်စလုံးက သတိမရတော့ဘူး။ ဆိုင်ကယ်လည်းတော်တော်ပျက်စီးသွားပြီ” ဟုပြောသည်။

ယာဉ်တိုက်ခံရသည့် အမျိုးသားနှစ်ဦးသည် အသက် ၃၀ အရွယ်ခန့်ရှိပြီး တစ်ဦးက ဦးခေါင်းထိခိုက်ဒဏ်ရာရရှိထားသည်ဟု သိရသည်။

မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်တွင် မေလ ၂၅ ရက်နေ့ကလည်း ၁၂ ဘီးကားနှင့် ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ခဲ့ရာ ဆိုင်ကယ်မောင်းနင်သူသေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

သတင်း – Doi Awng

ဓါတ်ပုံ – မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်း၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့/ကချင်ပြည်နယ်/မြစ်ကြီးနား

သင့်ထင်မြင်ချက်ရေးပေးပါ