ဝိုင်းမော်မြို့နယ်တွင် ကားတိုက်သဖြင့် အမျိုးသမီးနှစ်ဦး သေဆုံးမှု ယနေ့နံနက် ၁၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အမျိုးသမီးနှစ်ဦးလမ်းမကြီးဘေးတွင် လမ်းလျှောက်နေသည်ကို ယာဉ်ငယ်တစ်စီး ဝင်တိုက်ခဲ့ခြင်းဖြစ်သည်ဟု မွန်မြတ်စေတနာ လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီနေ့နေ့လယ်မှာဖြစ်တာဟုတ်တယ်။ ကျွန်တော်တို့ရောက်တော့ နှစ်ဦးစလုံးသေနေပြီ၊ နှစ်ယောက်လုံးကို ဝိုင်းမော်ဆေးရုံမှာ ပို့ထားလိုက်ပြီ၊ မိသားစုဝင်တွေနဲ့လည်းတွေ့ရပြီ၊ ကားသမားကဘာမှမဖြစ်ဘူး။ ကားရှေ့နည်းနည်းထိသွားတာလောက်ပဲဟုတ်တယ်” ဟုပြောသည်။

သေဆုံးသွားသည့် အမျိုးသမီးနှစ်ဦးတွင် ရှငေါ်ကျေးရွာမှ အသက် ၄၀ ခန့်အရွယ် ဒေါ်မမွေးဆိုသူနှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်မှ အသက် ၄၀ ခန့်အရွယ် ဒေါ်မအေးဆိုသူ ဖြစ်ကြောင်း ပြောသည်။

ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ရှငေါ်ကျေးရွာသည် ဝိုင်းမော်မြို့မှ ၅၆ မိုင်ခန့်အကွာအဝေးတွင်ရှိကာ အမျိုးသမီးနှစ်ဦးကိုတိုက်သည့် MITSUBISHI ကားအမျိုးအစားမောင်းနင်သူအမျိုးသားကို ဝိုင်းမော်မြို့ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့ကလည်း ဝိုင်းမော်မြို့နယ် ခါးရှိးကျေးရွာအနီးတွင် အမျိုးသားနှစ်ဦး လမ်းဘေးရှိဓာတ်မီးတိုင်တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူအမျိုးသား သေဆုံးသွားကြောင်း သိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – မွန်မြတ်စေတနာ လူမှုကူညီရေးအသင်း

 

သင့်ထင်မြင်ချက်ရေးပေးပါ