စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခု ယမန်နေ့ ညနေ ၃ နာရီခန့်က ဝင်ရောက်စီးနင်းခံရပြီး တပ်ဖွဲ့ဝင်သုံးဦးလည်း မီးရှို့ သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်စခန်းကို စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းဖြင့် ဝင်ရောက်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦးကိုလည်း စခန်းနှင့်အတူ မီးရှို့သတ်ဖြတ်ခဲ့သည်ဟု ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ဦးက The 74 Media ကိုပြောသည်။

“လက်နက်ခဲယမ်းတွေနဲ့ ထုတ်လုပ်ရေးပစ္စည်းတွေပါသွားတယ်။ အားလုံးပေါင်းလိုက်ရင်တော့ သိန်းတစ်ထောင်နီးပါးရှိပါတယ်။ လူအင်အားလည်းမမျှ၊ လက်နက်အင်းအားလည်းမမျှလို့ ပြန်လည်တိုက်ခိုက်တာမျိုးတော့ မရှိဘူး” ဟုပြောသည်။

သတ်ဖြတ်ခံခဲ့ရသည့် ထုတ်လုပ်ရေးတပ်သား အသက် ၂၉ နှစ်ခန့်အရွယ်ရှိ ရဲဘော်နိုင်ဦး၊ အသက် ၁၉ နှစ်ခန့်အရွယ်ရှိ ရဲဘော်ကျော်ဇင်မျိုးနှင့် အသက် ၃၄ နှစ်ခန့်အရွယ်ရှိ ရဲဘော်မှိုင်ကြီးတို့မှာ စခန်းစီးနင်းခံရချိန် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

စခန်းမီးရှို့ဖျက်ဆီးခံရသော်လည်း မဖြစ်ဖြစ်သော နည်းလမ်းဖြင့် စစ်အာဏာရှင်စနစ်ကို ဆက်လက်တွန်းလှန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

“ကျနော်တို့အနေနဲ့ကတော့ ရှေ့ဆက်ပြီးတော့၊ စစ်ခွေးတွေကို မရှိ၊ ရှိတဲ့အင်အား၊ နည်းလမ်းရှာပြီး တိုက်ထုတ်သွားပါ့မယ်။ အခုလိုအချိန်မှာတော့ အဖွဲ့ရပ်တည်နိုင်ဖို့အတွက် အကူညီတွေလိုအပ်နေပါတယ်” ဟုပြောသည်။

စစ်ကောင်စီတပ်က ဘုတလင်မြို့နယ်ရှိ ကျေးရွာများကို မကြာခဏ မီးရှို့ဖျက်ဆီးခြင်းနှင့် ဒေသခံပြည်သူများကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်လေ့ရှိပြီး ဇွန်လ ၂ ရက်နေ့ကလည်း မြို့ပေါ်ရွာမှ ဒေသခံပြည်သူ လေးဆယ်ခန့်ကို ညှဉ်းပန်းနှိပ်စက်ကာ သုံးဦးကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ ကျေးရွာအုပ်စုပေါင်း ၅၄ စုရှိပြီး လူဦးရေ နှစ်သိန်းခန့်နေထိုင်သည်။

သတင်း – Dureng

ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ