စစ်ကောင်စီတပ်နှင့် ကရင်နီတပ်ပေါင်းစုတို့ကြား တိုက်ပွဲတစ်လကျော်ကြာဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီအရာရှိ စစ်ကြောင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၆၀ ထက်မနည်းသေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော်သုံးဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်နယ်စပ်ရှိ ဖယ်ခုံမြို့နယ်သို့ ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်း သုံးကြောင်းနှင့် မေလ ၁ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် DMO PDF ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက The 74 Media ကို ပြောသည်။

“တိုက်ပွဲကတော့ ခဏခဏဖြစ်တယ် ကြာတဲ့တိုက်ပွဲလည်းရှိသလို ခဏတဖြုတ် ရင်ဆိုင်တိုက်ပွဲတွေလည်း ရှိတာပေါ့နော်။ စစ်ကောင်စီစခန်းကုန်းနှစ်ခုကတော့ ဆုတ်သွားပြီ။ စစ်ကြောင်းသုံးကြောင်းထိုးလာတဲ့အထဲမှာ နှစ်ကြောင်းကတော့ ဆုတ်သွားတယ်လို့ ပြောလို့ရပေမဲ့ ဘယ်လိုမျိုးပုံစံနဲ့ ပြန်တက်လာမလဲတော့ မသိဘူး” ဟုပြောသည်။

ဖယ်ခုံမြို့အနောက်ဘက်ခြမ်းရှိ လွယ်ဟွဲကျေးရွာ၊ လွယ်လုံကျေးရွာ၊ ခေါင်းအိကျေးရွာနှင့် စက်တော်ကျေးရွာအနီးတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲတွင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF မှ ရဲ‌ဘော်နှစ်ဦးနှင့် PDF Pekhon မှ ရဲ‌ဘော်တစ်ဦးတို့ ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ထက်မနည်း သေဆုံးခဲ့ကြောင်း PDF Pekhon က ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သည်။

ကျဆုံးသွားသော ရဲဘော်သုံးဦး၏ အမည်နှင့် အသေးစိတ်အချက်အလက်များကိုမူ မသိရှိရသေးပါ။

တစ်လကျော်ကြာဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုမြို့နယ် DMO PDF၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF၊ Loikaw PDF၊ MBPDF (1001 နှင့် 1007), တပ်ရင်းအမှတ် 1008, 1009, 1003, KRU, NPT- PDFနှင့် အလယ်ပိုင်းတိုင်း အထူးတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၉ နာရီခန့်ကလည်း လွယ်ဟွဲကျေးရွာနှင့် စက်တော်ကျေးရွာအနီးသို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဖယ်ခုံမြို့နယ်တွင် စစ်ရှောင်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။

“လေယာဉ်နဲ့ ဗုံးလာကြဲသွားတာ ထိခိုက်ဒဏ်ရာကတော့ မသိရသေးဘူး။ အဲ့ဘက်က ဒေသခံတွေ မရှိတော့ဘူးနော့် ရဲဘော်တွေတော့ ရှိသေးတယ်ထင်တယ်။ ဒေသခံတွေကတော့ ရွှေ့သွားတာကြာပြီ။ ဖယ်ခုံမှာ နေ့တိုင်းလိုလို လက်နက်သံတွေ ကြားရတယ်။ မိုးဗြဲဘက်မှာရော တိုက်ပွဲတွေဖြစ်နေတယ်” ဟုပြောသည်။

‌လက်ရှိအချိန်တွင် တိုက်ပွဲပြင်းထန်နေသော ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ထားကြောင်း သိရသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ဖယ်ခုံမြို့နယ်တွင် အိမ်ထောင်စု အရေအတွက် နှစ်သောင်းခန့်နှင့် လူဦးရေစုစုပေါင်း တစ်သိန်းကျော်ခန့် နေထိုင်သည်။

သတင်း – Ma Di

ဓါတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ