စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲထားသော ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဌာနဆိုင်ရာရုံးလေးခုကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

သစ်တောရုံး၊ လူဝန်မှုကြီးကြပ်ရေး ဦးစီးဌာနရုံး၊ မြေတိုင်းရုံးနှင့် မြို့နယ်ရဲစခန်းတို့ကို ဇွန်လ ၂ ရက်နေ့က တစ်ချိန်တည်းတွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု Lion Battalion Commando Special Force – စစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံ ကိုအညာသားက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့ဘက်က စပြီးဝင်တယ် လက်နက်ငယ်တွေ၊ ၇၉ မမလို့ခေါ်တဲ့ လက်နက်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တယ်။ RPG အသုံးပြုပြီးတော့ ပစ်ခတ်မှုတွေနဲ့ အတူတူ သူတို့စခန်းတွေကို တစ်ချိန်တည်းတစ်ပြိုင်တည်း ဝင်ရောက်စီးနင်းခဲ့တယ်” ဟုပြောသည်။

အဆိုပါရုံးများကို လေးနာရီခန့်ကြာ ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ ခြေလျင်တပ်ရင်း ခ.လ.ရ (၂၈၄ ၊ ၂၈၃၊ ၃၂) တပ်များ ဝင်ရောက်တပ်စွဲထားသော ရုံးများဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း စစ်ဆင်ရေးဆင်နွဲခဲ့သည့် Lion Battalion Commando Special Force ၏ ပြောကြားချက်ကို The 74 Media က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

တိုက်ပွဲဖြစ်ပွားနေစဉ် ကြာအင်းဆိပ်ကြီးမြို့ ရပ်ကွက် (၆) နှင့် ကမ်းနားဘက်သို့ စစ်ကောင်စီတပ်က Mi 35 အမျိုးအစားတိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် ဦးပဉ္ဇင်းတစ်ပါးနှင့် ပြည်သူလေးဦးသေဆုံးခဲ့ကြောင်း သူကဆက်ပြောသည်။

“စစ်ပွဲဧရိယာကိုမပစ်ဘဲ လူနေထူထပ်တဲ့ဘက်ကို လေယာဉ်က မိန်းတည်ပြီးတော့ပစ်သွားတယ်။ ကျွန်တော်တို့ဘက်က တင်းလိုက်လို့ရှိရင် ထုံးစံအတိုင်းပဲ ရပ်ရွာလူထုတွေဘက်ကို လက်နက်ကြီး ပစ်ခတ်နေတာတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ရဲ့ စစ်ဆင်ရေးကို ရဲစခန်းရဲ့ ပုရဝဏ်လို့ ခေါ်ရမှာပေါ့နော်။ သူတို့ ခြံစည်းရိုးအနားထိကပ်နိုင်ခဲ့ပြီးမှပြန်လည်ဆုတ်ခွာခဲ့တာ” ဟုပြောသည်။

တိုက်ပွဲကို Lion Battalion Commando Special Force ကဦးဆောင်ပြီး S.O.F အထူးတပ်ဖွဲ့၊ Cloud Wings ဒရုန်းအဖွဲ့ KNU/KNLA တပ်ရင်း (၁၆)နှင့် (၁၇) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်မြို့သစ်အနီးတွင် ဧပြီ ၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း – Nan Non

ဓါတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ