စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများနေထိုင်ရာ ကျေးရွာကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာမှ ပုလဲမြို့နယ်တွင် သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇီးဖြူကုန်းကျေးရွာကို ဇွန်လ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယမန်နေ့က စစ်ကောင်စီတပ်က တိုက်ခိုက်ရေးအမျိုးအစား ရဟတ်ယာဉ်တစ်စင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့ သုံးသပ်တာကတော့ တော်လှန်ရေးအင်အားစုတွေရဲ့ ကင်းပုန်းတွေရှိနိုင်တယ်လို့ ထင်တဲ့နေရာတွေပေါ့်နော် ဂျက်ဖိုက်တာနဲ့ လာပစ်သွားတာ။ ဟိုလိုအုပ်စုလိုက်ကြီး အဆောက်အဦးဆောက်ထားတာမဟုတ်တဲ့အခါကြတော့ သူတို့လည်း တည်နေရာကို ရှာလို့မရဘဲ စိတ်ထဲထင်တဲ့နေရာတွေ ဗုံးကြဲတာ” ဟုပြောသည်။

ယင်းမာပင်ခရိုင်တပ်ရင်းများနှင့် ပုလဲမြို့နယ်ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပျူစောထီးကျေးရွာအနီးတွင်လည်း ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ကင်ပုန်းဝတ်ကာ စောင့်ကြည့်နေကြောင်း သူကဆက်ပြောသည်။

တိုက်ခိုက်ခံရသည့် ကျေးရွာများသည် စစ်ကောင်စီထောက်ခံသည့် ကျေးရွာများဖြစ်သည်ဆိုသည့် ပြောကြားချက်နှင့် တိုက်ပွဲအတွင်း ပျူစောထီးတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပြောဆိုမှုကို The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့ကလည်း ပုလဲမြို့နယ်၊ ဆင်ရှင်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့် သေဆုံးခဲ့သည်။

သတင်း – Nan Non

ဓါတ်ပုံ – Guerilla Ranger

 

သင့်ထင်မြင်ချက်ရေးပေးပါ