စစ်ကောင်စီတပ်နှင့် ကရင်နီတပ်ပေါင်းစုတို့ ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်စပ်ရှိ မိုးဗြဲမြို့တွင် ယမန်နေ့ နံနက် ၇ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး စစ်ရှောင်ကလေးတစ်ဦးလည်း သေဆုံးခဲ့ကြောင်း သိရသည်။

မိုးဗြဲမြို့ မြို့ဦးရပ်ကွက်တွင် အထိုင်ချထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ အခြေအနေတင်းမာနေဆဲဖြစ်သည်ဟု Mobye People Defense Force ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“အခုလည်း တိုက်ပွဲဆက်ဖြစ်မယ်ထင်တယ်။ စစ်ကောင်စီက မိုးဗြဲမြို့ပေါ်မှာနေရာဝင်ယူတာပေါ့နော့် ဒီမြို့ကို ထိန်းဖို့ပေါ့။ အဲ့မှာထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ကြတာပေါ့။ စစ်ကောင်စီဘက်က အကျအရှုံးကတော့ ၁၀‌ ယောက်ကျော်ရှိတယ်။ ကျွန်တော်တို့ဘက်က ဒဏ်ရာရတဲ့သူတွေကတော့ ဘယ်အဖွဲ့ကလဲဆိုတာ မသိသေးဘူး” ဟုပြောသည်။

အမှတ် (၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF B-01)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF B-03)နှင့် မြို့ပြတော်လှန်ရေးတပ်ဦး (URF) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းရှိသည်ဆိုသည့် ပြောဆိုချက်နှင့်ပတ်သက်ပြီး The 74 Media က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

ယမန်နေ့က တိုက်ပွဲပြင်းထန်နေစဉ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး အလုံးရေ ၁၀၀ ထက်မနည်း ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးစထိမှန်သဖြင့် အသက် ၁၀ နှစ်ခန့်အရွယ်ရှိ ယောက်ျားလေးတစ်ဦး သေဆုံးပြီး နေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးကပြောသည်။

“မိုးသံတွေနဲ့ အတူတူပဲ လက်နက်ကြီးသံကတော့။ လက်နက်ကြီးက ရင်ခုန်စွာနဲ့ပဲ မိုးအတိုင်းပဲရွာနေတာ။ လက်နက်ကြီးပစ်နေတာ နှစ်ရက်သုံးရက်ရှိနေပြီ” ဟုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့ကလည်း မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာမှ အသက် ၂၂ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦး လက်နက်ကြီးစထိမှန်သေဆုံးခဲ့သည်။

၂၀၁၄ သန်းခေါင်စာရင်းအရ မိုးဗြဲမြို့တွင် အိမ်ထောင်စု အရေအတွက် ငါးထောင်ကျော်ရှိပြီး လူဦးရေ သုံးသောင်းခန့် နေထိုင်သည်။

သတင်း – Ma Di

ဓါတ်ပုံ – မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ ကျွဲချိုထောက်ပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ